လာ ... အတူတူသွားစို့  ၊သွေးသားထဲ လှည့်ဝင်စီးပတ် ကဗျာဓါတ်နဲ့  အသက်ရှင်ရအောင်။
နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ
နှင်းရနံ့ ကို မခံစားခဲ့ကြရသူများ
ဆောင်းဝင်လာပုံက နည်းနည်းစောနေသည်ထင်သည်။ ကော်ရစ်တာလက်တန်းမှာ ညနေခင်းကြယ်တွေကို ငေးကြည့်နေရင်း
တဖြည်းဖြည်းဝေးသွားသလို ခံစားရသည်။ ကျနော့ ခန္ဓာကိုယ်က ခါတိုင်းထက်ပိုပြီး စိမ့်အေးနေသလိုခံစားရသည်။
“အော်--နှင်းရနံ့ကို မခံစားနိုင်ခင် ကျောခိုင်းသွားကြသူများ” တဲ့လေ။
ကျနော့မြင်ကွင်းထဲမှာ ကန်စွန်းခင်းလေးဘေးက ယိုင်နဲ့နဲ့အိမ်လေးကိုသတိယနေသည်။
လှည်းတန်းအနီးက ရပ်ကွက်မှာ ရှိသည့် ထိုအိမ်လေး ကို ခင်မင်သည့်မိတ်ဆွေများရောက်လာတတ်သည်။ “အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီလိုပဲ ကြံဖန်နေရတာပေါ့” တဲ့ သူရဲ့ရိုးသားမှုက ပြုံးလိုက်လျင် ပိုသိသာသည်။
ကမ္ဘာမြေမှာ ပွင့်ခဲ့သော ဖြူစင်မှုများ တဲ့လေ။ အခုတော့ ဝိညာဉ်ခေါ်ပွဲတော်တခုဆီ ကို ခဏအလည်သွားရောက်နေသည့် ကဗျာဆရာ “နီမာ”
တယောက် ဗန်းမော်အကျဉ်းထောင်ထဲက သူ့သမီး ကို ထောင်ဝင်စာတွေ့ဖို့ ပြန်လာနေရော့မယ်။
(၁)
၁၉၈၈ အရေးတော်ပုံအကြောင်းကိုပြောမည်ဆိုလျင် တရားမဝင်ဖျက်သိမ်းခံရသည့် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ကို ချန်လှပ်ထားလို့မရ။ မာမာဦး က ထိုအဖွဲ့မှာ လူငယ်ခေါင်းဆောင်တယောက်။
သို့သော် သူမ ကား ပါတီရုံးချုပ်မှာ အချိန်ကြာကြာမနေလိုက်ရ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားအင်အားစုများအကြားဆွေးနွေးအပြီး မတရားသည့်အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ
တိုက်ပွဲလမ်းကြောင်းပေါ်မှာ လျှောက်ရင်း ၁၉၈၉ ဂျွန် (၂၄) ရက်နေ့မှာ မန္တလေးဈေးချိုထဲတွင် အဖမ်းခံခဲ့ရသူ၊
သူမရဲ့အဖေ စာရေးဆရာ နီမာ လည်း မန္တလေးထောင်ထဲမှာ။ ဦးနီမာ ကလည်း အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ( လယ်သမား၊ အလုပ်သမားအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ တချို့ကတော့ ပြည်သူ့တိုးတက်ရေးပါတီကလို့ ပြောသည်) ။
မမာမာဦးတယောက် ဗကသ ကျောင်းသူများ၊ ABSDF လက်နက်ကိုင်လှုပ်ရှားမှုအတွက် မြေပေါ်မှာ လာရောက်ဆက်သွယ်
နေသည့် မမူ၊ ဒေါ်ခင်ဝင်း ( ရန်ကုန်၊ အန်အယ်ဒီ) တို့နှင့်အတူနေထိုင်ရသည်။ တလောက လုံးမှာက သမီးနှင့်အဖေ တယောက်မျက်နှာတယောက်ကြည့် အားပေးလျှောက်လှမ်းနေသည့်ဘဝ၊
နိုင်ငံရေးလုပ်သဖြင့် ဆွေမျိုးများနှင့်သိတ်အဆင်ပြေပုံမပေါ်။ ထောင်အတွင်းမှာ ရှိသည့် လုပ်ဖေါ်ကိုင်ဘက်များက မနေသာတော့ ထောင်ဝါဒါ ကို အကျိုးအကြောင်းပြောရသည်။ ထောင်ဝင်စာလာတွေ့မည့်သူမရှိသည့် သူတို့နှစ်ဦးကို
တခုခုစီစဉ်ပေးလိုကြောင်းတင်ပြကြသည်။ မန္တလေးထောင်မှူးကလည်း ကိုယ်ချင်စာသွားပုံရသည်။ အဖေကိုတွေ့မည့်ထောင်ဝင်စာအတွက် ထောင်တွင်းလုပ်ဖေါ်ကိုင်ဘက် အမျိုးသမီးများက
စီစဉ်ပေးကြသလို၊ စာရေးဆရာ ဦးနီမာ ကလည်း သူ့သမီးအတွက် စားစရာများ၊ ကျောင်းသားရဲဘော်များမှ ပေးလိုက်သည့် ထောင်အင်္ကျီအတွက်ချုပ်သည့် အပ်ချည်ကြိုးဖြင့်ယက်ထားသော အနုပညာဖန်တီးမှုများကို လက်ဆောင်ပေးရတတ်သည်။ သတင်းဖလှယ်ကြသည်။ အကျဉ်းထောင်တွေက ကျနော်တို့ရဲ့သက္ကရာဇ်တွေကို ဝေးကွာစေခဲ့သည်။
(၂)
၁၉၉၄ ကာလမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကိုပြန်ရောက်တော့ “ သူတို့သားအဖနှစ်ယောက် လှည်းတမ်းလမ်းဆုံနားက ပလက်ဖောင်းပေါ်မှာ စာအုပ်ဆိုင်လေး ဖွင့်ထားတယ်။ မန္တလေးဘက်ကနေ ပြောင်းလာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ
ကျောင်းဆက်တက်နေတယ် ဆိုတဲ့သတင်းကို ကြားတယ်” ဒီလိုနှင့် ကျနော်တို့ပြန်ဆုံကြပြန်သည်။ နယ်မြေသစ်တခုမှာ သူတို့သားအဖ နှစ်ယောက်ရုန်းကန်ကြရအုံးမည်။ သူတို့ နေထိုင်သည့် ကန်စွန်းခင်းဘေးက အိမ်လေးကို ကျနော်လိုက်သွားမိသည်။ မှတ်မှတ်ရရ ကျနော်အကြံပေးခဲ့ဘူးတာကိုသတိယနေမိသည်။ “ဦးလေးစာအုပ်ဆိုင်မှာ အမေရိကန်သံရုံးက ထုတ်တဲ့ အိုင်ယာကော့ကာ လို စာအုပ်မျိုးတွေ၊ ဂေါ်ဗာချော့ဗ် ရဲ့ ပယ်ရီ စတွိုက်ကာ လို စာအုပ်တွေလည်းတင်ပါ့လား၊
သံရုံးမှာ သွားတောင်းရင် အလကားရတာပဲ။ သူတို့မှာ ပေးချင်လွန်းလို့။ အခုပေါက်ဈေးက (၂၅) ကျပ်လောက်ရှိမယ် ထင်တယ်” ဆိုတော့ သူက “ငါ့တူ ပြောတဲ့ စာအုပ်တွေတင်ရောင်းပြန်ရင်လည်း မလွယ်ပါဘူးကွာ။
တချို့က မကြိုက်ဘူး။ တိုက်ခိုက်မယ်” တဲ့။ ဦးနီမာ က အဲ့သလို ရိုးသည်။ ပိုက်ဆံမရချင်နေ၊ မိတ်ဆွေများနှင့် အခင်အမင်မပျက်ချင် ငြင်းခုန်မှုမရှိချင်သူ။
ကျနော်က “ ဘာဆိုင်လည်း စီးပွားရေးလုပ်တာပဲ။ နောက်တခုက ကျနော်တို့တတွေအနေနဲ့ ပြောင်းလဲမှုတွေကို
ဖတ်သင့်တယ် လို့ထင်တယ်။ ဒါတွေနဲ့ချည်းရပ်နေရင် အန္တရာယ်များတယ်” လို့ ကျနော့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ တကယ်တော့ သူကလည်း စာအုပ်ဆိုင်တိုးချဲ့ရေးကို စိတ်ဝင်စားသည်။ ရုရှားသံရုံးကို ဝင်ထွက်သွားလာနေသည့် မောင်လင်းယုန်( ရှမ်းပြည်) ကလည်း ပြန်လွတ်လာချိန်၊ လှည်းတန်းလမ်းဆုံလေးက လက်ဘက်ရည်ဆိုင်ဘေးမှာလူငယ်တွေနှင့်တရုန်းရုန်းထိုင်နေချိန်။
ဦးနီမာ က စာအုပ်ဆိုင် ကို ထားခဲ့ပြီး လူငယ်များဆီကို ကူးလာတတ်သည်။ တရုတ် သံရုံးမှ စာအုပ်အပြာဖြင့်ထုတ်ဝေသည်
“ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုအပေါ်ပါတီ ရဲ့ သုံးသပ်ချက်၊ သဘောထား” ( ခေါင်းစဉ် ကို တိတိကျကျမမှတ်မိ) ကို ကျနော့သူငယ်ချင်းဆီမှ သူကယူဖတ်ပြီး၊ ကျနော့်ကို လက်ဘက်ရည်ဆိုင်မှာ မေးဘူးသည်။ “ငါ့တူဘယ်လိုမြင်လဲ” တဲ့။
“ကျောင်းသားကို သတ်တဲ့ကိစ္စကို လူသတ်မှုလို့ပဲမြင်တာပေါ့ ဦးလေးရယ်၊ အဲ့ဒီ စာတမ်းတွေ ကျနော်ဖတ်ပြီးပြီ၊ အစိုးရက ပြောတော့လည်း အစိုးရစကားပဲပေါ့ ဦးလေးရယ်။ ကျနော်တို့လိုပဲနေမှာပေါ့” ဆိုတော့
သူက နှစ်နှစ်ကြိုက်ကြိုက်ပြုံးသည်။ လက်ဘက်ရည်ခွက်ကိုတိုက်မိပြီး မောက်ကျသွားတာကို သတိယမိသည်။
ဘာရယ်လို့မဟုတ်။ မှောက်ကျသွားသည့် လက်ဘက်ရည်စက်တွေကို ငေးရင်း ကျနော့စိတ်ထဲထင့်နေသည်။ လှည်းတန်းလမ်းဆုံ လို နေရာမှာ လာပြီးစာအုပ်ဆိုင်ဖွင့်တာကို ကျနော်သဘောမကျခဲ့ပါ။ ကိုယ်က ဘာမှမလုပ်ရင်လည်း ထောက်လှမ်းရေးတွေက ယူဂျီလုပ်နေတယ်ထင်နေတာမို့လား။
ပြီးတော့ သူတို့ လူတွေကလည်း စာအုပ်ဟောင်းရောင်းတဲ့အထဲမှာ ဘယ်နှစ်ယောက်ရှိနေတယ် မသိ။
(၃)
၁၉၉၅ ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်က လွတ်လာပြီးစနေ၊ တနင်္ဂနွေ ခြံရှေ့တရားပွဲတွေလုပ်တော့ တရားပွဲပြီးတိုင်း ကျောင်းသား၊ လူငယ်အုပ်စုတွေက လှည်းတန်းလမ်းဆုံမှာ လက်ဘက်ရည်ဆိုင်လာထိုင်သည်။ သူ့ဆိုင်လေးမှာ ဝင်ပြီး
လာရောက်နှုတ်ဆက်ကြသည်။ ခင်မင်တာတွေကို ကျေးဇူးတင်သည်၊ ဝမ်းသာသည်။ သို့သော် ထောင်နှုတ်ခမ်းနှင့်တော်တော်လေးနီးလာပြီ လို့
မာမာဦး ကို ကျနော်က ပြောခဲ့သည်။ ဘာလို့လဲဆိုတော့ သူဆိုင်လေးမှာ က လူတော်တော်ဆုံသည်။ ဦးနီမာ ကလည်း အမြဲတမ်းပြုံးပြီး လူငယ်တွေကို အားပါးတရနှုတ်ဆက်သည်။ တခါတလေ ဆိုင် ကို ပစ်ပြီး လက်ဘက်ရည်ဆိုင်မှာလာထိုင်သည်။ မမာမာဦး ကလည်း ဆယ်တန်းတွေကို ကျူရှင်ပြဖို့ဝိုင်းရှာသည်။ သူနှင့် ကျနော် တချို့ဝိုင်းတွေမှာ အတူတူစာပြကြသည်။
ထိုခေတ်တုန်းကတော့ ဂိုက် ( Guide) လုပ်သည်ဟုခေါ်သည်။ ကျနော်က လှုပ်ရှားမှုတွေမှာ သိတ်မပါဖို့၊ လူတိုင်းကို လက်ခံပြီး
မတွေ့ဖို့ပြောသည်။ ကျနော်က မာမာဦးကို သတိပေးပေမဲ့ တကယ်တမ်း ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုဖြစ်သောအခါ မနေနိုင်နထိုင်နိုင် ဝင်ပါဖြစ်သွားသည်။
မမာမာဦးကလည်း ကံမကောင်း။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော သူများကို ဖမ်းဆီးစဉ်က သူအဖမ်းမခံရခဲ့။
သို့သော် ချင်းမိုင်တွင် အခြေစိုက်ပြီး ဗမာပြည်သို့အကူအညီပေးနေသည့် အဖြူမတယောက်က ပြည်တွင်းကိုလာရောက် ပြီး သူတို့ပေးသည့် ငွေမည်သို့မည်ပုံသုံးသည်ကို လာရောက်စစ်သည့်အတွက် ကျောင်းသားခေါင်းဆောင်တချို့အဖမ်းခံလိုက်ရသည်။ မကြာပါ။
၁၉၉၆ လှုပ်ရှားမှုကို နောက်ကွယ်မှ အားပေးအားမြှောက်ပါဝင်သူများ ဟု စွပ်စွဲကာ မီးခိုးကြွက်လျှောက် ဖမ်းလေတော့သည်။
မာမာဦးလည်း ထောင်နှစ်ရှည်ကျခဲ့ရသည်။ ထို ကိစ္စက ၁၉၉၇ မှာ ဖြစ်ပျက်ခဲ့သည်ထင်သည်။
(၄)
ထောင်က ပြန်လွတ်လာတော့လည်း မာမာဦးတယောက် ရှစ်ဆယ့်ရှစ်မျိုးဆက်အုပ်စုတွေနှင့်ဆက်လုပ်နေတာကို
တွေ့နေရသည်။စာရေးဆရာ နီမာရဲ့စာအုပ်ဆိုင်လေးမရှိတော့ဘူး တဲ့။ ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းခေါင်ခိုက်လာသည်။
ကိုကိုကြီး က သူတို့သားအဖနှစ်ယောက်နေဖို့ အိမ်လေးတလုံးရှာခိုင်းခဲ့သည်။
အိမ်ရှာချိန်တောင်မရလိုက်တော့။ ထောင်ဒဏ် ( ၇၀) နှစ် ဖြင့် အကျဉ်းထောင်ထဲ ပြန်ရောက်သွားပြန်သည်။
ဦးနီမာ တယောက်လည်း ထောင်ဝင်စာတွေ့ဖို့ ရုန်းကန်ရပြန်သည်။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေကို ဝေးလံတဲ့နယ်ထောင်တွေမှာ ပြောင်းပစ်လိုက်ပြန်သည်။ “ ဘယ်လိုလုပ်လွယ်မလဲဗျာ။ နဂိုကမှ အဆင်မပြေပါဘူး ဆိုကာမှ အခုလိုလုပ်လွှတ်လိုက်တော့ သားအဖ နှစ်ယောက် ဘယ်မှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလဲ” တဲ့။ မှတ်ချက်ချသံတွေ သိတ်မကြာလိုက်၊
ဒီတခါ ထောင်ဝင်စာမတွေ့နိုင်တော့တာက သေချာသွားပြီ။
ဦးနီမာ ကွယ်လွန်ကြောင်းကြားတော့ မာမာဦး နှင့် သူမအဖေအကြောင်းကို ကိုသားကြီး ( အေအေပီပီ၊ ထိုင်းနိုင်ငံ ) က
သူ့ရဲ့အထီးကျန်နှစ်များ၊ မွန်းကျပ် နှစ်များကို ထည့်သွင်းပြီး အခုလို သတိယပြောဖြစ်သည်။
“ညနေ မှောင်ရီပြိုးစဆို သူ့ဆိုင်လေးမှာ လူစုံတတ်တယ်ကွာ။ ပြည်သူ့တိုးတက်ရေးပါတီဝင်ဟောင်းတွေ၊ကျောင်းသားတွေ။
ကမာရွတ်-စမ်းချောင်း-လှိုင် NLD အဖွဲ့ဝင်တွေ၊ နောက်ပိုင်း ကိုမြင့်အေးတို့ HRDP က တချို့ ဆုံတတ်တယ်။ တခါတလေ လဘ္ကက်ရည်။ တခါတလေ ရေနွေးကြမ်းသောက်ပြီးထောင်အကြောင်းတွေပြော၊ အတွေ့အကြုံတွေပြော။သတင်းစကားလက်ဆင့်ကမ်း။စာအုပ်ငှားဖတ်လို့လဲရတယ်။
လိုရင်မှာထားလို့လဲရ။ဦးနှီမာ က ပန်းဆိုးတန်း စာအုပ်တန်းနဲ့လဲအဆက်အသွယ်ရှိတယ်။
စကားပြောရင်း လူတွေကိုငေး- အရသာတခုပါဘဲ။ည ၈ခွဲ ၉ ဆို ဆိုင်သိမ်းတယ်။
ဆိုင်ကတော့ နေ့စဉ်ဖွင့်ရတယ်မရှိပါဘူး။ စည်ပင်ဖမ်းရင် ဆိုင်ပိတ်ရပြန်တယ်။ ဦးထွန်းလင်းခြံလမ်းကြားထဲဝင်ထိုင်ကြတယ်။
အဲဒီမှာဘဲစကားပြောကြတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်းကဆို အားလုံးကိုလက်ခံစကားပြောတာလေ။
ဦးနီမာ ကစိတ်မြန်လက်မြန်။စကားပြောလဲ အားရပါးရ။ မာမာဦးကတော့ ဆိုင်မှာသိပ်မရှိတတ်ဘူး
၉၃-၉၄ ကနေ ၂၀၀၂-၃-၄ လောက်ထိစာအုပ်ဆိုင်လေးရှိ။၉၆-၉၈ လှုပ်ရှားမှုအပြီး ၂၀၀၂ ပါတ်ဝန်းကျင်ပြန်လွတ်လာတဲ့ ကျောင်းသားတချို့လဲဦးနီမာအကူအညီနဲ့ လှည်းတန်းထိပ်မှာဘဲ စာအုပ်အဟောင်းဆိုင်လေး ဖွင့်ခဲ့ကြတယ်။
ဦးနီမာက သာရေးနာရေးပွဲ၊ နိုင်ငံရေးပွဲ တွေလဲသွားလာတတ်တယ်။ မာမာဦး က ၈၈ အုပ်စုထဲပါတော့လဲ-ဦးနီမာက
စာအုပ်ရောင်းမပျက်။လမ်းထိပ်မှာ လူစုံလျှက်သတင်းစကားကြားနေရတတ်တယ်။ အမှတ်တယ စာအုပ်ဆိုင်လေးပါဘဲကွာ” တဲ့
(၅)
ဆောင်းဦးအဝင်စောနေတယ် ထင်ပါရဲ့။ သီရိဆောင်ဘေး ရေတမာတန်းတွေကြားမှာ အေးစက်စက်ဖြတ်လျှောက်နေကြသည့် ပုံရိပ်တွေကို အမှတ်ရမိသည်။ လှည်းတန်းလမ်းစုံရဲ့ပလက်ဖောင်းတွေကို ဖြတ်ကျော်လိုက်တော့ ကျယ်ကျယ်ပြန့်ပြန့်ပြုံးနေသည့် ရွေ့ပြောင်း စာအုပ်ဆိုင်တဆိုင် ကို တွေ့ဖို့ဆိုတာ ဖြစ်နိုင်ချေ မရှိတော့။
မောင်လင်းယုန် ( ရှမ်းပြည်) လည်း လက်ဘက်ရည်ဆိုင်တွေမှာ ရောက်လာဖို့ဆိုတာလည်း မဖြစ်နိုင်တော့သလို၊
အန်အယ်ဒီ လူငယ်တွေ၊ ကျောင်းသားသမဂ္ဂအသီးသီး က ခေါင်းဆောင်တွေ၊ အနံ့ခံကောင်းသည့် ထောက်လှမ်းရေး (၁၂) မျက်လုံးတွေ------နောက်-- အန္တရာယ်တွေ၊ မသေချာမှုတွေ-- သားသမီးထောင်ဝင်စာတွေ့ဖို့ ရုန်းကန်နေရတဲ့
အဆင်မပြေမှုတွေ၊-
------ညနေကြယ်တွေက တဖြည်းဖြည်းဝေးသွားသလို ခံစားနေရသည်။
သို့သော် -မာမာဦးရဲ့အဖေ ဦးအုန်းမောင် က နီသည်။ မာသည်။ ရိုးသားသည်။
ကြံ့ကြံ့ခံနေသော ဖေါ်ရွှေသည့် အပြုံးများက ကျနော်တို့ကို မေ့စေနိုင်မည်မဟုတ်။
အောင်မိုးဝင်း
ဦးအုန်းမောင် (ခ) စာရေးဆရာ နီမာ က သခင်အုန်းမြင့်တို့လို ထင်ရှားတဲ့ခေါင်းဆောင်တယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့သမီး မာမာဦးတယောက် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ဆွဲကိုင်နေချိန်မှာ ဖခင်တယောက်ရဲ့ထောက်ပံ့ပေးမှုတွေကို တာဝန်ကျေခဲ့တဲ့အပြင် သူ့စာအုပ်ဆိုင်လေးဟာ လူငယ်တွေအတွက် အလည်နားခိုရာနေရာလေးတခုဖြစ်ခဲ့တယ်။ လှည်းတန်းလမ်းဆုံ လက်ဘက်ရည်ဆိုင်တွေ မှာ ၁၉၉၄-၉၆ အတွင်း ဆုံဆည်းခဲ့ရတဲ့ မိတ်ဆွေတွေကိုလည်း သတိယနေပါတယ်။
ဓါတ်ပုံတွေကို မိုးမခ အင်တာနက်စာမျက်နှာက ယူသုံးပါတယ်။ သူတို့လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အားကြိုးမာန်တက်ပါဝင်နေသူတွေဖြစ်လို့ ခွင့်မတောင်းတော့ပါဘူး။ နားလည်ပေးလိမ့်မယ် လို့ ထင်ပါတယ်။
Share:
မွေးနေ့ 
သက္ကရာဇ် တခု တိုးလာချိန်မှာ
ငါက မင်းအနားမှာ
မရှိတော့ဘူး ။
ရှိနေတာနဲ့ 
မရှိနေတာ
အတူတူပဲလို့ 
မင်း ပြောဦးမှာလား
ကမ္ဘာကြီးရဲ့ 
ဝင်ရိုးစွန်းတခုအနားကနေ
ငါ ကြားချင်သေးတယ် ။
အခုတော့
သူစိမ်းတို့ အလယ်မှာ
ငါ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြန့် ခင်း
လွမ်းဆွတ် တမ်းတမှု တမ်းချင်းနဲ့ 
ချစ်ချင်းမေတ္တာတရား
ရှားရှားပါးပါး
စကားမများဖြစ်သော နေ့ ရက်များ
အတားအဆီးမဲ့စွာ ၀င်ရောက်
ငါ့ရဲ့  အိပ်စက်ချင်းတွေကိုမောင်းထုတ်ပြစ်နေကြတယ် ။
နှစ်ဆယ်ရက်နေ့ 
ကြယ်မစုံဘူး လရောင်မဖြာဘူး
ဒါပေမယ့်လေ
အဲဒီ နှစ်ဆယ်ရက်နေ့ ဟာ
မင်းအတွက် ငါ့ရဲ့  မေတ္တာတရားအရောင်နဲ့ 
ကမ္ဘာကြီးတခုလုံး
ထိန်ထိန်တောက်လိမ့် မကွဲ့ ။
ပျော်ရွှင်ဘွယ်ရာ မိသားစု
အိပ်မက်တခုကို အသက်သွင်း
မင်းရဲ့  မျှော်လင့်ချင်းများ ပြီးပြည့်စုံစေဘို့ 
ဘုရားသခင့် ရဲ့  ကောင်းချီး မင်္ဂလာအဖြာဖြာ
မင်းအပေါ် သက်ရောက်ပါစေသော်ဝ် ။
သက္ကရာဇ်တခု တိုးလာချိန်မှာ
ငါ က
မင်းအနားမှာ
မရှိတော့ဘူး ။
ရဲရင့်သက်ဇွဲ
၁၉ စက်တင်ဘာ ၂၀၁၀
Share:
ညီမလေးဝင်းမော်ဦးအတွက်ကဗျာ
၁။
ညီမလေး
ကမ္ဘာမြေ၀သုန်
သိကြားစေ သက်သေညွှန်းတော့
ရာဇ၀င်တွေလည်း
ရိုင်းခဲ့ရပြီ အဖိုးရေ
နိုင်ငံတော်လည်း
သွေးစွန်းခဲ့ပြီ အဖရေ … လို့ 
ကမ္ဘာမကြေတေးသာ
နာနာကျည်းကျည်း ဟစ်ကြွေးနေခဲ့ရတာပါ ။
၂။
ညီမလေး
ဒဏ်ရာနဲ့ သွေးအိုင်ထဲကရုန်းထ
ခွပ်ဒေါင်းအလံတော်ကို
လွှတ်မချခဲ့ဘူး ။
နှစ်ဆယ့်နှစ်နှစ် ကြာခဲ့ပေမယ့်
စက်တင်ဘာ တဆယ့်ကိုးရက်ရဲ့ 
မနက်ခင်းဟာ
ငါတို့ ရဲ့ ရင်ထဲမှာ သံမှိုဆွဲရိုက်နှက်ထားသလို
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ။
၃။
ညီမလေးရေ
အခုချိန်မှာ
နင်သာ သက်ရှိထင်ရှား
ရှိနေဦးမယ်ဆိုရင်
အကိုတို့ 
ရန်ပွဲတွေရပ်
ပြည်သူလူထု အကျိုးကိုမျှော်
တိုက်ပွဲကိုဖော်
တိုက်ပွဲမှာပျော် လို့ ပြောမှာပဲ
ငါ … ယုံတယ် ။
၎။
ညီမလေး အောင်ပွဲကို
ကောင်းကင်ဘုံက စောင့်ကြည့်ပါ ။
(အာမင်န်)
၁၉စက်တင်ဘာ၂၀၁၀ ရဲရင့်သက်ဇွဲ
Share:
သတင်း
သတင်း
ရုတ်ရုတ်သဲသဲ
ည ဟာ
ည ကိုဆွဲထူလို့ 
နေ့  က
ကသုတ်ကရက်နဲ့ 
သူ့ အခေါင်း သူထမ်းလို့ 
ငှက် ပန်း စမ်းရေစီးသံ
တရံမလပ် တိတ်ဆိတ်
အားလုံးဟာ နှုတ်ပိတ်
ကမ္ဘာပျက်ပြီတဲ့ ။
မဟုတ်ဘူး
တရားကို
လက်လွတ်စပါယ်
အဆုံးစွန်ဆုံးတိုင်အောင်
အဓမ္မကျင့်တဲ့အကြောင်း
ရေဒီယိုက ကြေညာသွားတယ် ။
၁၄ စက်တင်ဘာ၂၀၁၀
ရဲရင့်သက်ဇွဲ
Share:
အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ
(http://www.tyalife.com/ မှ ကူးယူပါသည်)
အေဒီ ၁၂ ၏ နောက်ဆုံးစစ်ပွဲ
ဘောင်းဘီဝတ် မြို့ပြဟာ
ကနေတယ်
တောင်စဉ် ရေမရ စကားလုံးတွေနဲ့
အစီအစဉ်ကျကျ ဖွဲ့သလိုမျိုး။
ဟောဒီမှာ. . .
မီနီစကတ်နဲ့ ဂျင်းရှပ်ဟာ
လမ်းထွက်နေတယ်။
ဟောဒီမှာ . . .
နာရီစင်ဟာ
စိတ်ပျက်နေတယ်။
ဆံပင်အတို ဖြတ်ထားတဲ့
မန္တလေး အပျိုမဟာ
ခြေသလုံး မလှတော့ပါဘူးကွယ်။
ခြေကျင်းသံ တချွင်ချွင်နဲ့
ငါတို့ “အောင်ပင်လယ်”မှာ
စပါးမစိုက်တော့ပါဘူးကွယ်။
ငါတောင်းပန်ပါတယ်။
ကတ္တီပါ ဖိနပ်ကလေးရယ်
ငါ ရေငတ်ပါရစေ။
ဧရာဝတီမြစ်ထဲခုန်ဆင်းဖို့တော့
မစဉ်းစားပါနဲ့။
ငါတို့ မန္တလေးမှာ
ဧရာဝတီသွေးလဲ ဖြူဖွေးနေပြီမို့
လာ . . .“နာရသီဟပတေ့”
သင်နဲ့ငါ
ပြေးကြစို့။ ။
မိုရ်
၁၉၉၄
Share:
ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က
ငါ့ကိုယ်ငါ သတ်သေဖို့ကြိုးစားတဲ့နေ့က
ကမ္ဘာကြီးထဲက အသံတွေ ကိုယ့်ဆီပြန်ရောက်လာတယ်
ငိုသံတွေ၊ ရယ်သံတွေ၊ သားရေ၊ အမေရေ
အဖေတစ်ယောက်က သားရေ ပုပ္ပါးတောင်ကြီးကြည့်မလားဆိုပြီး
ခေါင်းကိုလက်နဲ့ညှပ် လေထဲမြှောက်ခဲ့တာတွေ
ကိုယ်ငိုပြီး ပြေးထွက်လာမိတဲ့ ပျော်ရွှင်မှုတွေ။
ကိုယ့်ကိုကိုယ် ရွံမုန်းလာတယ်
ဆရာရယ် ချမ်းပြီးတော့ကို ဖျားနေလို့ပါ
သွားကိုက်လို့ ဆေးသောက်လိုက်မှ ဗိုက်ကမနားတမ်း အောင့်လာတယ်
အဆုပ်မှာ အလုံးတွေ့တယ်တဲ့ တက်တက်နေတဲ့ အမေ့ကို သံလိုက်ဓာတ်မှန်ရိုက်ဖို့ထိ လိုလားဟင်
ကိုယ် ရယ်မောပြီး မျက်ရည်ဝဲရတဲ့ အဖြစ်တွေ။
ပုဂံညောင်ဦးမှာ တိုးရာသီဆို ဒေါ်လာသီးလို့
ပြီးတော့ ပါးရိုက်ခံထားရတဲ့ မျောက်လို ဆရာရေ
ရောင်းစားရတဲ့လူတွေနဲ့ တောင်းစားရတဲ့လူတွေ
တိုက်ပွဲ
လောကမှာ နောက်ဆုံး နာကျဉ်ကြေကွဲရတာ
အောက်ဆုံးက ပြည်သူတွေ။
ခွင့်လွှတ်နိုင်သူများ ကိုယ့်ကို ခွင့်လွှတ်ပါစေ
ခွင့်မလွှတ်တတ်သူများ ကိုယ့်ပေါ်နာကျည်းပါစေ
ဆရာရယ် သားလေးကို ထမင်းကျွေးနေစရာပေးထားရင်
ကျေနပ်ပါပြီ ထီပေါက်တာထက် ပျော်ရွှင်ပါပြီ
ဟုတ်တယ် ကိုယ်ဟာမျက်ရည်ကျရင်း ဟားတိုက်လို့
အဆုံးစီရင်ဖို့ ကြံစည်မိတဲ့နေ့က
ချောက်မြို့ က ထထခြောက်တတ်တဲ့ ရေနံလုပ်သားတွေဆီ
ရွေ့ လျားလို့။ ။
ငိုနေသူတွေကို မုန်းမုန်းလာတယ်။
ပျော်နေသူတွေကို မုန်းမုန်းလာတယ်။
ကြိုးတစ်ချောင်း၊ ဆိုက်ယာနိုက်အဆိပ်၊ ငှက်ကြီးတောင်ဓား
ငွေစက္ကူတစ်ချို့ နဲ့ ထိုးစိုက်ထားသော ဆေးထိုးအပ်များနဲ့
လက်ကောက်ဝတ်ပေါ်က
ဆရာဝန်သုံးဓားတစ်မျိုး
ကိုယ့်အသံလေး တိုးတိုးဝင်သွားတယ်။ ။
မြတ်ဝေ
၉၊၂၀၁၀
https://sites.google.com/site/poetmyatwai/home/
Share:
မိုးများ မြွေများ
မိုးများ မြွေများ
ညီပုလေး
(က) စာရေးသက်နှစ်ဆယ်ကျော်ခဲ့ပေမယ့်စာရေးသူဟာ ဒီအမျိုးသမီးအကြောင်းကို ၀တ္ထုဖွဲ့ဖို့တော့ ၀န်လေးနေမိတယ်။ ဒီအမျိုးသမီးဟာ လှချင်ရက်စက်စက် ယိုနေလို့ ကလောင်မလိုက်နိုင်တာလားဆိုပြန်ရင်လည်း အဲဒီလိုစာဖွဲ့လောက်အောင် တဖွဲ့တနွဲ့လှတဲ့ အလှမျိုး မဟုတ်ဘူး။ သူ့မှာ သာမန်ရုပ်ရည်ထက် နည်းနည်းပိုပြီ ကြည့်ပျော်ရှုပျော်ရှိတဲ့ မြန်မာအမျိုးသမီး တယောက်လောက်ပါပဲ။ ပျိုပျိုမြစ်မြစ် လေးမို့လို့လား မေးပြန်ရင်လည်း အသက်သုံးဆယ်ကျော်ဆိုတော့ ပျိုပျိုမြစ်မြစ်ထဲ စရင်းမ၀င်ပြန်ဘူး။ တကယ်တော့ မအေးသီဟာ ခင်ပွန်းသည် ဆုံးပါးသွားလို့ ကလေးတယောက်နဲ့ ကျန်ရစ်ခဲ့သူ တဦးဖြစ်တယ်။ စာရေးသူ ၀န်လေးနေတာ စာအရေးအဖွဲ့ မတော်လို့ ကလောင်တိမ်းသွားခဲ့ရင် မအေးသီတို့မိသားစု ကြေကွဲမှာကို စိုးရိမ်မိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
အညာသားကျေးလက်မှာတော့ မိန်းခလေးတယောက် အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းမှ အိမ်ထောင်ရက်သားကျရင် အသက်ကြီးမှ အိမ်ထောင်ကျတယ်လို့ ပြောတတ်ကြတယ်။ မအေးသီ ကိုထွန်းထွန်းနဲ့ လက်ထပ်တော့အသက် အစိတ်ကိုသုံးနှစ်စွန်းခဲ့ပြီ။ မိအို ဖအိုကို တသက်လုံးလုပ်ကျွေးမယ့် သမီးအလိမ္မာအဖြစ်နဲ့ တသက်လုံးနေသွားမှာလို့ ပိုးပန်း ကမ်းလှမ်းသူတွေကြားမှာ ပြောသံတွေ ကြားခဲ့ရပေ မယ့် ကိုထွန်းထွန်းရဲ့ကိုယ်စောင့်နတ်ကပဲ အောင်သွယ်တော်လေလားမသိ။ သူတို့ ၂ ယောက်နဖူးစာရွာလည် ပေါင်းဖက်မိကြတော့ မုဒိတာ ရှိကြသူတွေက နေနဲ့လလို့ ထင်မှတ်ကြတယ်။ ရွာခံကာလသား ခြေအေးဝမ်းယောင်တွေကတောင်မှ ပါးစပ်ကသာထုတ်မပြော ကြတာ စိတ်ထဲကတော ရွှေနဲ့မြတဲ့။
စာရေးသူဟာ အသက်အရွယ်လေး ရလာလို့လားမသိ၊ သေကြောင်၊ အနိစ္စရောက် ရောက်ကြောင်းတွေကို စာသိပ်မဖွဲချင်ဘူး။ စာရေး သူကိုယ်တိုင် တနေ့ဒီလမ်းသွားရမှာ သိနေပေမယ့် ကိုထွန်းထွန်း ကွယ်လွန်ပုံကိုစာမဖွဲ့ချင်ဘူး။ ဒီဝတ္ထုကို မအေးသီဖတ်မိရင် သူခမျာ အဟောင်တွေအသစ် ဖြစ်လိမ့်မယ်။ သူသိပ်ချစ်တဲ့ သူ့ခင်ပွန်းကိုပြန်လည် သတိရမိပြီ်နှစ်လွမ်းက သုံးလွမ်ဖြစ်ရရင် ဒီဝတ္ထုကြောင့် မုဆိုးမ တယောက် မျက်ရည်တွေထပ်မကျစေချင်ဘူး။ ဒါကြောင့် စာကြောင်းတိုတိုပဲဖွဲ့မယ်။
ဇနီးသည်နဲ့ ၂ နှစ်ကျော်လောက်ပဲ ပေါင်းလိုက်ရတယ်။ ကိုထွန်းထွန်းပိုးထိခဲ့တယ်။ အိမ်ထောင်သက် ဘာမျှမကြာလိုက်တဲ့ မအေးသီခမျာ ဘ၀ဇာတာရေးသူရဲ့ မသနားမညှာတာမှုကြောင့် မုဆိုးမဖြစ်ချိန်စောခဲ့ရတယ်။ အဲဒီအချိန်မှာသားလေး ဖိုးလမင်းဖြစ်လာမယ့် ကလေးက မအေးသီဝမ်းကြာတိုက်ထဲမှာ နေ့စေ့လစေ့ကြီ်း။ မအေးသီတသက်မှာ အသည်းထန်ဆုံး ငိုကြွေးခဲ့ရပြီး။ ဖအေကို မမြင်ဖူးလိုက်တဲ့ ဖိုးလမင်းကိုမအေးသီက သူ့ဘ၀တသက်တာမှာ သူပဲမိခင်၊ သူပဲဖခင်ပေါ့။ မုဆိုးမတယောက်ရဲ့တဦတည်းသောသားအပေါ် ချစ်တဲ့ အချစ်ကတော့ ပမာခိုင်ဖို့ခက်ပြီ။ စာရေးသူတို့ဝန်းကျင်မှာ မုဆိုးမတွေအများကြီး၊ မအေတခု၊ သားတခုတွေ အများကြီး။ အဲဒီသူတွေ ရဲ့ချစ်ခြင်းကို ကိုယ်ချင်းစာကြည့်ဖို့ တိုက်တွန်းရတော့မှာပဲ။ ဒါပေမယ့် မုဆိုးမက အသက်သုံးဆယ်ကျော် အရွယ်လောက်၊ သားက အနှီးထဲ ထွေးထားရမယ့်အရွယ်။ မအေကတောင်သူ၊ တောင်သား။ ယာသူမ၊ လယ်သူမ။ ယောင်္ကျားတွေနဲ့ဒိုးတူ ပေါင်ဖက်လုပကိုင်နိုင်တဲ့ ညိုညိုတုတ်တုတ်ခိုင်ခိုင်။ အရွယ်ကောင်းလေးမို့ နောက်တယောက်ပင်ထူလိမ့်မယ်လို့ အများကထင်ကြတယ်။ နဂိုရှိရင်းစွဲ အငယ် ကတည်းက ပိုးပန်းခဲ့သူတွေကလည်း မုဆိုးမ ကလေးတယောက် အမေပေမယ့် မအေးသီကိုကြည်ဖြူမြဲ ကြည်ဖြူသူတွေရှိတယ်။ မကြည် ဖြူသူဘယ်ရှိမလဲ။ သူကလည်းလုပ်ရည်ကိုင်ရည်ကောင်းသူ
အရွယ်လေးရှိတဲ့သူလေ။ လသာည လဘက်ရည်ဝိုင်းတွေမှာပါးစပ်ကထုတ်ပြောသူပြော၊ ၀မ်းထဲမှာ ကြိတ်မှိတ်မျိုသိပ်သူသိပ်ကြတယ်။ မအေးသီကတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေ သားလေးဖိုးလမင်းပေါ်မှာ စုပုံအောပြီ ချစ်နေလိုက်တယ်။ ဒါကြောင့် မုဆိုးမတယောက်နဲ့ တဦးတည်းသောသားလေးရဲ့ ချစ်ခြင်းကို စာရေးဖွဲ့ဖို့ပမာခိုင်ဖို့ခက်တယ်လို့ ရေးရတာလေ။ သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေက မွန်မြတ်တဲ့စေတနာနဲ့ ဖိုးလမင်းရဲ့ ရုပ်ရည်ကလေးကိုသွားလေသူ ကိုထွန်းထွန်းရဲ့ ဖြောင့်စင်းစင်းနှာတံလေး၊ ထူထဲထဲမျက်ခုံးလေး၊ မေးစေ့ ချွန်ချွန်လေးကို ဖန်တီးကြတာဆိုရင်တော့ သမ္မာဒေ၀တွေကိုပဲ အပြစ်တင်ကြတော့မှာပဲ။ ဖိုးလမင်းဟာ ကိုထွန်းထွန်းရဲ့ ကိုယ်ပွား ဖြစ်လေ မအေးသီမှာ အချစ်သည်း အဖြစ်သည်းလေပေါ့။ လယ်တွေယာတွေက သီးနှံဆိုတာ မိုးလေ၀သမှန်ကန်ပါမှ။ လူ့အလိုနတ် မလိုက်နှိုင်ဆိုတဲ့စကား ဒီနေရာမှာလာမှန်ပြန်ရော။ မအေးသီ ကလေးချစ်တဲ့ဇောနဲ့ လယ်တွေကို ကျားစီး ဖားစီးလုပ်တယ်။ ရသမျှ သားလေးဖိုးလမင်းဖို့၊ ရှာသမျှ သားတော်မောင်ဖို့၊ စိုက်မိသမျှ သူ့ဖို့၊ သီးသမျှ သူ့ဖို့၊ ချွေတာသမျှ သားတော်မောင်ဖို့၊ဖွပ်သမျှ၊ ပြာသမျှ သူ့ဖို့။ ကျီထဲမှာရှိတာ သားတော်မောင်ဖို့၊ အိတ်ထဲရှိတာ သူ့ဖို့။ အားလုံး အားလုံးကို ဖိုးလမင်းဖို့ချည်း။ ကလေးချင်းအတူတူ သူ့သားက ၀မ်းလျှားထိုး စောသတဲ့။ ကလေးချင်းအတူတူ သူ့သားက ဆောင့်ကြောင့်ထိုင်စောသတဲ့။ မအေးသီ သဲနေကဲနေပုံ။ မအေကဒီလောက် ဖြစ်နေမှတော့ အဘိုး အဘွားက ဘယ်လောက်အချစ်ကဲလိုက်ကြလေမလဲ။ သူတို့မြေးကို ရင်အုပ်မကွာ ကျွေးမွေးခဲ့တဲ့ကလေး။ မျက်စိ အောက်က အပျောက်မခဲတဲ့ ဖိုးလမင်း....
ဒီဝတ္ထုမှာ ဖိုးလမင်းတဖြည်းဖြည်း ကြီးပြင်းလာပြီး ကျောင်းနေတဲ့အရွယ်မှာ စာအံပုံ၊ ဆွေတွေမျိုးတွေက စောင့်ရှောက်ကြပုံ၊ ချစ်ကြပုံ၊ ရှင်လောင်ဘ၀ စတာတွေ ရေးလိမ့်မယ်လို့ တချို့စာဖတ်သူတွေ မျှော်လင့်နေကြရော့မယ်။
လယ်ထဲယာထဲက မအေးသီတယောက်မြို့ကို မဖြစ်မနေတက်ရတဲ့အခါတွေရှိတယ်။ သီးနှံရောင်းချဖို့၊ မြေသြဇာဝယ်ဖို့ ပိုးသတ်ဆေး ၀ယ်ဖို့။ ပိုးသတ်ဆေးလို့ ဆိုလိုက်တာနဲ့ ချက်ကော့ဗ်ရဲ့ သေနတ်ကိုသတိရပြီး ဖိုးလမင်း ဒါမှမဟုတ်သူ့မအေ မအေးသီတယောက်တော့ ပိုးသတ်ဆေး သောက်တော့မှပဲလို့ ကွက်ကျော်တွေးချင်သူ တွေးတတ်သူတွေကို စာရေးရင်း အမှတ်တမဲ့ သတိရလိုက်သေးတယ်။ စီးပွားရေး၊ လူမှုရေး၊ အလှူအတန်းတခုခုအတွက် မြို့ကိုမအေးသီ တခါတရံ သွားရလေ့ရှိတယ်။ အဲဒီလိုသွားတဲ့အခါ နွားလှည်းတန်ရင် နွားလှည်းကိုကိုယ်တိုင်မောင်းသွားတတ်တယ်။ ၀န်စည်စလယ်မပါရင်တော့လှည်းနဲ့ မသွားဘဲ စက်ဘီးနဲ့သွားလိုက်တယ်။ ကိုထွန်းထွန်း ရဲ့ယောက်ျားစီးစက်ဘီးကြီးကိုမမီမကမ်းနင်းသွားတဲ့ အမျိုးသမီးတယောက်ကို ပထမဆုံးစမြင်ဖူသူတွေကတော့ အမြင်မတင့်တယ်ဘူး ထင်ရပေမယ့် နမ်းဖန်များတော့ပြယ်၊ မြင်ဖန်များတော့ရိုး ဆိုသလို တခါတလေစက်ဘီးလက်ကိုင် ရမ်းသွားတတ်တာကလွဲပြီး ဘာမှ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ ယောက်ျားစီးစက်ဘီးကြီး တစီးပေါ်မှာ ကိုယ်လုံးခပ်ပြည့်ပြည့် အမျိုးသမီးတယောက် စက်ဘီးကိုမမီ မကမ်းနင်းရင်း လိုရာဆက်နေတာပါပဲ။ မအေးသီ ပိုက်ဆံစုတယ်။ ဖိုးမင်းရဲ့အနာဂတ် အတွက်ပေါ့။ ကျောင်းထားရဦးမယ်၊ ရှင်ပြုရဦးမယ်၊ ရှင်ပြုအလူတော်မှာငိုဖို့ မျက်ရည်တွေကို ကြိုစုထား ဆိုတာမျိုးမရေးချင်ဘူး။ ရောင်းရသမျှ သီးနှံလေးတွေက မျိုးဖိုးချန်ပြီးချွေချွေတာတာ စားရင်း ရတတ်သမျှစုတယ်။ တဦးတည်သောသားကို ချစ်တဲ့စိတ်နဲ့ တောသူမုဆိုးမ စုလို့ဖွဲ့ ချင်တော့တာပါပဲ။
(ခ) ကံဆိုးမသွားရာ မိုးလိုကရွာသတဲ့။ ကံဆိုးမက မုဆိုးမကံဆိုးမ။ မိုးက ပင်လယ်ပြင်မှာ မုန်တိုင်းရှိလို့ရွာတဲ့မိုး။ ဘယ်အငြိုးနဲ့ သည်း တယ်မသိ။ မုန်တိုင်းက ကပ္ပလီပင်လယ်ပြင်ရော တရုတ်ပင်လယ်ပြင်မှာပါ ရှိရော့သလား။ ဖိုးလမင်းငုတ်တုတ် သွားငုတ်တုတ်အရွယ်မှာ ရုတ်တရက်ကောက်ခါငင်ခါ နေမကောင်ဖြစ်ပါလေရော။ မအေးသီပါတဲ့၊ ဘယ်နေလိမ့်မလဲ။ ဆရာမျိုးစုံနဲ့ကုတယ်။ အနီးဆုံးမြို့ငယ်လေး မှာရှိတဲ့ တော်ပေ့ဆိုတဲ့ ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်စကား နားထောင်မလား။ မအေးသီဟုတ်ကဲ့လို့ ပြောမိသလား၊ ခေါင်ငြိမ်မိသလား၊ ထူပူနေလို့ သူမမှတ်မိတော့ဘူး။ စာနာစိတ် ကြင်နာစိတ်ရှိတဲ့ လူသားတယောက်အနေနဲ့ ခံစားကြည်ကြပါတော့။ မိုးရေရွှဲရွှဲ စိုနေတဲ့ ကောက်ရိုးပုံမှာ မီးစွဲလောင်ဖို့မလွယ်ပေမယ့် ကံဆိုးမကိုမိုးတွေ လိုက်လို့ ရွာထားတဲ့ခေါင်းမှာတော့ မီးတောက်လောင်နေပြီ်။
မအေးသီ တခေါက်မှမရောက်ဖူးတဲ့ မန္တလေးကို အရဲစွန့်ပြီးတက်လာခဲ့တယ်။ သားအတွက်ဆိုရင်သူ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင် ရဲတယ်။ ရွာမှာနေပြီး စာသင်သွားတဲ့ ဦးဇင်းဦးဇ၀နကိုလည်း တွေ့အောင်ရှာတယ်။ နေမကောင်းနေတဲ့ ကလေးကိုပွေ့ချီလာတဲ့ မျက်နှာ ညှိုးညှိုးနွမ်းနွမ်းနဲ့ အမျိုးသမီးတယောက်ကို ဒေသခံတွေက မိုးတားကျောင်းတိုက်ထဲက ဦးဇင်းဦးဇ၀နနဲ့ တွေ့ရအောင်ဆောင်ကြဉ်း ပေးကြတယ်။ စီးလာခဲ့တဲ့ ဘတ်စ်ကားပေါ်မှာလည်း သူ့ကိုနွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ သနားစိတ်နဲ့ ကူညီကြတယ်။ ကားကြီး ကွင်းထဲရောက်တဲ့အခါလည်း စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဆိုက်ကားဆရာနဲ့ ကြုံတွေရပြီး မိုးတားကျောင်းတိုက်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်လေ။ ဦးဇ၀နရဲ့အကူအညီနဲ့မအေးသီတို့ သားအမိ ဆရာဝန်ဆီရောက်တော့ သွေးသံရဲရဲနှင့် မော်တော် ဆိုင်ကယ်တိုက်မိတဲ့ လူနာတယောက်ကို ဆေးခန်းထဲမှာတွေ့လိုက်ရတယ်။ ဆရာဝန်ကတဆင့် သမားတော်ကြီးကို သွာပြခဲ့ကြတယ်။ သမားတော်ကြီးက ဦးဇင်းဇ၀နနဲ့ လူနာရှင်မိသားစု အခြေအနေကို အကဲခတ်ပြီး ဆေးရုံကြီးကို တင်ဖို့ စာရေးပေးလိုက်တယ်။ ဖိုးလမင်း ကုသိုလ်ကံပဲ။ ဆေးရုံတက်ရမယ့် မနက်မှာပဲ ကွယ်လွန်တယ်။ ဦးဇင်းဇ၀နတင်မကပါဘူး၊ ဒိပြင် ဘုန်ကြီးတွေကပါ တရားချကြတယ်။ သားလေးဆုံးရှာတော့ မအေးသီ မြို့မှာကြာကြာ မနေချင်ဘူး။ မြန်မြန်သင်္ဂြိုလ်ပြီး ပြန်ချင်ပြီ။ ဒါကြောင့်ဘုန်ကြီး ဦးဇ၀နကပဲ နာမှု ကူညီရေးအသင်းတခုကိုအကူအညီတောင်းတော့ ယာယီကားကသူတို့သင်္ဂြိုလ်ချင်တဲ့ အချိန်ရမယ်တဲ့။ နေ့လည် ၁ နာရီ နာမှုကူညီရေး ကားလာမယ်တဲ့။ ဦးဇင်းတို့ကျောင်းမှာ တောက ကျောင်းလာတက်ရင်း အလုပ်လုပ်နေတဲ့ ကျောင်းသားတပိုင် အလုပ်သမားတပိုင်း ဝေဖြိုး ဆိုတဲ့လူငယ်လေးပြောတော့မှ မအေးသီရော၊ ဦးဇင်းဇ၀နတို့ပါ သတိထားမိကြတယ်။ နာမှုကူညီရေးကားက အသူဘရှင် စီးခွင့်မရှိ ဘူးတဲ့။
(ဂ) အဲဒီနေ့က ခါတိုင်းထက်နေပူတယ်။ သူ့ဘ၀ကစားကွက်မှာ အံစာက တစ်နဲ့နှစ်ချည်းကျပြီး လှေကားကနည်းနည်းနဲ့ မြွေတွေက များနေရော့သလား။ နာရေးကူညီမှုအသင်းကားက ယာယီကားကလည်း တခါမှမကြုံစဖူးအတွေအကြုံထူးနဲ့ ကြုံလိုက်ရတယ်။ အဲဒီနေ့က ဝေဖြိုး ကျောင်းလည်း ပိတ်တယ်။ အလုပ်လည်းနားတယ်။ ဒါကြောင့်မို့ သူ့စက်ဘီက အားနေတယ်။
(ဃ) ပုဆိုးတထည် စလွယ်သိုင်းထားတဲ့ အမျိုးသမီးတယောက် စက်ဘီးတစီးကိုနင်းလို့၊ လမ်းနဘေးက ကွမ်းယာဆိုင်တွေ၊ ဆိုက်ကား ဆရာတွေကို မေးနေတယ်။ `တောင်မြင့် သုဿန်ကို ဘယ်လမ်းက သွားရသလဲ´ စလွယ်သိုင်းထားတဲ့ ပုဆိုးကတော့ ခင်ပွန်းသည် ကိုထွန်းထွန်းနှစ်သက်တဲ့ပုဆိုးနက်ပြာလေး။ အဲဒီပုဆိုးနက်ပြာလေးထဲမှာတော့............
ညီပုလေး
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် (၈)၊ အောက်တိုဘာ ၂၀၀၆
Share:
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး
ခုတလော ရွေးကောက်ပွဲဝင်မဲ့ အုပ်စုတွေဆီက အသံတချို့ကြားနေရတယ်။ အထူးသဖြင့် စကားအမျိုးမျိုးပြောတတ်တဲ့
NDF ပါတီက ဦးခင်မောင်ဆွေ နဲ့ ENC က ဆလိုင် လျှံမုန်း။ ဦးခင်မောင်ဆွေ က ချီလီ နဲ့ တောင်ကိုရီးယား လို တဖြည်းဖြည်းပြောင်းယူရမယ် လို့ ဆိုသလို၊
ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာချင်းအမျိုးသားလေး ဆလိုင်းလျှံမုန်း ကလည်း တောင်ကိုရီးယားမှာလည်း ဒီလိုပဲတဖြည်းဖြည်းပြောင်းလဲယူခဲ့တာ
ဖြစ်တယ် လို့ ဆိုပြန်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက “ဘယ်လို တဖြည်းဖြည်းပြောင်းခဲ့တာလဲဆိုတဲ့အချက်”ကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပါ။
ဝိုးတဝါးလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေသလိုမျိုး----------------
(၁) နောက်ခံကားချပ်ကွာခြားမှု
နိုင်ငံတကာအသိုင်းအဝိုင်း က ဗမာပြည်နိုင်ငံရေးအနေအထားဟာ အာဖရိကနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနေအထားနဲ့သိတ်မကွာလှဘူး ဆိုတာ သဘောပေါက်နေတယ်။ လူမျိုးစုတွေများတယ်။ သဘောထားမတူညီမှုတွေများတယ်။ ကရင်အမျိုးသားအစည်းအရုံး နဲ့ အန်စီယူဘီ လို တပ်ပေါင်းစုက
ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်တိုက်တွန်းနေချိန်မှာ၊ ဗမာလူမျိုးစု ကို ဘေးဖယ်ထားတဲ့ ENC ( Ethnics National Council) မှ ဆလိုင်းလျှံမုန်း က ရွေးကောက်ပွဲဝင်ပြီး တဖြည်းဖြည်းပြောင်းလဲရမယ် လို့ဆိုတယ်။ ဝ ဒေသစစ်ခေါင်းဆောင်တွေက သူ့ရဲ့နယ်မြေမှာ ရွေးကောက်ပွဲမကျင်းပဖို့ သတိပေးတားမြစ်ထားတယ်။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ဘူး။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းသားတွေ
တောခိုလာချိန်မှာ ကရင်နဲ့မွန် က ဘုရားသုံးဆူစခန်းကိုရဖို့ တိုင်းရင်းသားအချင်းချင်းချနေတဲ့ဘဝ။ ထို့အတူပဲ ဗမာတိုင်းရင်းသားကို ကြည့်လိုက်ပြန်
တော့လည်း ပြည်ပမှာထွက်ပြေးလာတဲ့ ကျားသားမိုးကြိုးပစ် ၁၉၉၀ လွှတ်တော်အမတ်များ အသက်ရောရှိသေးကြရဲ့လား လို့ မေးယူနေကြတဲ့အဖြစ်၊
ဗမာပြည်လောက် တယောက်တပေါက်ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံမှ မရှိပါဘူး။
ဒါကြောင့် သူများနိုင်ငံတွေနဲ့ယှဉ်မပြောခင် ကိုယ့်အနေအထားကို ပထမဆုံးစဉ်းစားစေချင်ပါတယ်။ တန်ရာတန်ရာနှိုင်းသင့်ပါတယ်။
နိုင်ငံတကာအနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ချီလီအာဏာရှင် ပီနိုချေး နဲ့ တောင်ကိုရီးယားစစ်အာဏာရှင်တွေကို ထောက်ခံခဲ့သူက အမေရိကန်ပြည်ထောင်စုဖြစ်တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု က သူထောက်ခံတဲ့အာဏာရှင်တွေနာမည်ပျက်လာပြီဆိုရင်၊ ပြန်လည်ဖြုတ်ချဖို့ ဖိအားပေးနိုင်ခဲ့တယ်။
လူထုလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ပီနီုချေး ( ချီလီ)၊ ဖာဒီနန်မားကို့စ် ( ဖိလစ်ပိုင်)၊ ဆူဟာတို ( အင်ဒိုနီးရှား)၊ ရှားဘုရင် ( အီရန်) နဲ့
ကိုရီးယားစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပြန်လည်နားချပြီး နှုတ်ထွက်ပေးဖို့ ဖိအားပေးနိုင်ခဲ့တယ်။
ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး၊ နိုင်ငံရေးမော်ဒယ်တွေနဲ့နီးစပ်ခဲ့တာကြောင့် လူထုအဖွဲ့အစည်းတွေ ( Civil Societies) အတွက် လှုပ်ရှားနိုင်တဲ့အခွင့်အရေး၊ နေရာတချို့ရှိခဲ့တယ်။
ဗမာစစ်ခေါင်းဆောင်တွေက ဗမာနိုင်ငံရေးသမားတွေမွေးထုတ်ပေးလိုက်တဲ့စစ်အုပ်စုဖြစ်တယ်။ တရုတ်လည်းထိန်းမရသလို၊ အာဆီယံ ကလည်း
ချော့မော့ပေါင်းနေရတဲ့အဖြစ်။ ပိုဆိုးတာက ကွန်မြူနစ်ဇာတ်ပျက် တရုတ်နိုင်ငံက လူထုလှုပ်ရှားမှုကို မထောက်ခံတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို
နိုင်ငံတကာကထောက်ခံဖို့ တိုက်တွန်းနေချိန်ဖြစ်တယ်။ ဖိနှိပ်သူဘက်ကထောက်ခံအားပေးပြီး သူများပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့
တရုတ်ရဲ့ကြောင်သူတော်ကြွက်သူခိုးနိုင်ငံခြားရေးမူဝါဒ ကိုစစ်အစိုးရအနေနဲ့ ကောင်းကောင်းအမြတ်ရနေချိန်ဖြစ်တယ်။
(၂) ချီလီ ပုံသဏ္ဍန်ပြောင်းလဲမှု
စစ်အာဏာသိမ်းခေါင်းဆောင် ပီနိုချေးက ၁၉၈၀ မှာ လူထုဆန္ဒခံယူပွဲကို မဲလိမ်ပြီးသူ့ရဲ့စိတ်တိုင်းကျအခြေခံဥပဒေကို အသက်သွင်းခဲ့တယ်။ အစိုးရစိတ်တိုင်းကျခန့်ထားတဲ့ ကော်မရှင်လက်အောက်မှာ ပြည်သူတွေဆန့်ကျင်ခဲ့ကြပေမဲ့ ပီနိုချေးအစိုးရဟာ ၆၇ ရာခိုင်နှုန်း ကျော်နဲ့အနိုင်ရခဲ့တယ်
ဆိုပြီး ဇွတ်အသက်သွင်းခဲ့တယ်။ ဒါပေမဲ့ ၁၉၈၀ မှ ၁၉၈၈ အထိ၊ ပီနိုချေးအစိုးရဟာ ကျောင်းသားဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ၊ လက်ဝဲသူပုန်တွေရဲ့
မြို့ပေါ်အထိလုပ်ကြံသတ်ဖြတ်မှုတွေ ကို ရင်ဆိုင်ခဲ့ရတယ်။ ( Pinochet File ပီနိုချေး ဖိုင် နဲ့ A Force more Powerful စာအုပ်ကို ကြည့်ပါ)။
ပီနိုချေးကလည်း ရက်ရက်စက်စက်တုန့်ပြန်ခဲ့တယ်။ ပီနိုချေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမေရိကန်အစိုးရအတွက်လည်း အရှက်ရစရာဖြစ်လာခဲ့တယ်။ ဒါကြောင့် ၁၉၈၀ ကာလတလျှောက်လုံး တိုးတိုးတိတ်တိတ် ဖိအားပေးခဲ့တယ်။ မရဘူး။ ပီနိုချေး က ရက်စက်မှုတွေ ကို ပိုပြီးလက်ရဲဇက်ရဲလုပ်လာတယ်။ မိုင်းအလုပ်သမားတွေရဲ့သပိတ်တွေစတင်လာပြီ။ ပီနိုချေးကိုဆန့်ကျင်တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ တဖြည်းဖြည်းအားကောင်းလာပြီး တပ်ပေါင်းစုတခုကိုဖွဲ့ဖို့ပြင်ဆင်ခဲ့ကြတယ်။
၁၉၈၈ မှာ ပီနိုချေး က သူ့ရဲ့သမ္မတသက်တမ်းကို နှစ်ကြိမ်ထက်ပိုလုပ်ချင်တယ်။ ဆန္ဒခံယူပွဲလုပ်တယ်။ ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ ပြည်သူလူထု က ၅၇ ရာခိုင်နှုန်းနီးပါးမဲအရေအတွက် နဲ့ ပီနိုချေးရဲ့အခြေခံဥပဒေကိုငြင်းဆန်လိုက်ကြတယ်။ မဲပေးတဲ့သူအရေအတွက်ဟာ ၉၇ ရာခိုင်နှုန်းရှိတယ် လို့ ဆိုတယ်။ ပီနိုချေးက လူထုဆန္ဒခံယူပွဲရလဒ်ကိုငြင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ ချီလီဗိုလ်ချုပ်တွေကို အမေရိကန်ထောက်လှမ်းရေးဗဟို က နီးစပ်အောင်ကြိုးစားထားတယ်။ ပီနိုချေးအနေနဲ့ ရွေးကောက်ပွဲရလဒ် ကို လက်ခံရမယ် လို့
သူ့ရဲ့ဆရာ အမေရိကန်ပြည်ထောင်စုက ညွှန်ကြားထားပြီးသား။ တကယ်တော့ ချီလီ လှုပ်ရှားမှုအောင်မြင်ခဲ့တာက ပီနိုချေးဆန့်ကျင်တဲ့
လူထုလှုပ်ရှားမှုတွေကြောင့်ပါ။ မှတ်တမ်းရုပ်ရှင်တွေကြည့်ရင် ချီလီလူထုလှုပ်ရှားမှုကို အားတက်ဖွယ်တွေ့နိုင်ပါတယ်။
စာအုပ်ဖတ်ချင်ရင် ( A Force More Powerful) ကို ဖတ်ပါ။
ဗမာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အခြေခံဥပဒေရေးဆွဲတဲ့ညီလာခံမှာ ဘာတွေတင်ပြခွင့်ရခဲ့ပါသလဲ။
စစ်အုပ်စုက တလေးတစားနားထောင်ထည့်သွင်းခဲ့ပါသလား။ ညီလာခံကို သပိတ်မှောက်ထွက်ခဲ့တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ခွန်မားကိုဖန်းကိုမေးကြည့်ပါ။
ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ ဇိုမီးချင်းအမျိုးသားခေါင်းဆောင်တွေ
အပါအဝင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးထောင်ချခံခဲ့ရတယ် မို့လား။ ဗမာပြည်နိုင်ငံရေးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အဆင့်ဟာ
ချီလီနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ လူထုဆန္ဒခံယူပွဲထက်ကျော်တဲ့အဆင့် ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အစိုးရက ဘယ်အင်အားကြီးနိုင်ငံကမှ ပြောလို့မရတဲ့ ဖက်ဆစ်အစိုးရ။
ကြောင်သူတော်ကြွက်သူခိုး နိုင်ငံခြားရေးမူဝါဒတွေဆွဲကိုင်နေတဲ့ တရုတ်အပါအဝင် အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားမှာ နေနေရတဲ့ နိုင်ငံ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ အဆင့်မှာ ဘာမှမလုပ်နိုင်တဲ့ဘဝကနေ ပါလီမန်လွှတ်တော်ထဲမှာ ဝင်ရောက်ပြောဆိုကြမယ် ဆိုတော့ ----
မျက်စိလည်နေတဲ့ မိန်းမကြီး ဘုရားနားမှာ တဝဲလည်လည်လျှောက်ပတ်နေတဲ့အဖြစ်ကိုပဲ သွားသတိယမိတော့မယ်။
(၃) ကိုရီးယား ပုံသဏ္ဍန်
နှိုင်းယှဉ်ရဲတဲ့ စိတ်တွေကို အံ့သြမိတယ်။ ဦးခင်မောင်ဆွေလို စကားအမျိုးမျိုးပြောတဲ့သူတွေ နဲ့ တပ်ပေါင်းစုရဲ့မူဝါဒနဲ့သွေဖီနေတဲ့ ဆလိုင်းလျှံမုန်း လို
လူတွေက ကိုရီးယားပြည်သူတွေလို သတ္တိတကယ်ရှိပါရဲ့လား။ “ပတ်ချုံဟီးအာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်တယ်။ ဒီလိုနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်” လို့ ဆိုခဲ့ပြီး လူထုကဘယ်လိုပြောင်းလဲအောင်လုပ်ခဲ့တာလဲဆိုတာကို မပြောခဲ့တဲ့ ဆလိုင်းလျှံမုန်း ကို
ကိုရီးယား သမ္မတ (၄) ယောက်ကာလ က ဖြစ်ပျက်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကို အတိုချုပ် မိတ်ဆက်ပေးချင်ပါတယ်။
( ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာကို “အသွင်ကူးပြောင်းမှုကာလ၊ စိတ်ကူးယဉ်မှုများနှင့် ကစားဝိုင်းကိုပြောင်းလဲစေသော ဝိညာဉ်များ” ဆောင်းပါးအဖြစ် အတိုချုပ်တင်ပြခဲ့ပါတယ်)
(က) Syngman Rhee
ကိုရီးယားစစ်ပွဲကြောင့်နာမည်ပျက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ဟာ ကျောင်းသားလှုပ်ရှားကြောင့်ပြုတ်ကျခဲ့တယ်။
၁၉၆၀ ဧပြီ (၁၉) လှုပ်ရှားမှုအဖြစ်နာမည်ကြီးခဲ့တယ်။ စစ်တပ်က ကျောင်းသား (၁၂၅) ယောက်ကို သတ်ခဲ့ပေမဲ့ ကျောင်းသားတွေက တဟုန်ထိုးချီတက်သွားတယ်။ စစ်တပ်အနေနဲ့ဆက်မပစ်ရဲတော့ဘူး။ လူထုနဲ့ပူးပေါင်းရတယ်။
(ခ)ပတ်ချုံဟီး
၁၉၇၁ မှာ ရာထူးက နှုတ်ထွက်ပေးရမယ် ဆိုတာသိနေပေမဲ့ ပတ်ချုံဟီး က ပါလီမန်ကိုဖျက်သိမ်းတယ်။အခြေခံဥပဒေကို ဖျက်သိမ်းတယ်။
၁၉၇၃ မှာ ယူရှင်အခြေခံဥပဒေကိုရေးဆွဲတယ်။ ကျောင်းသားဆန္ဒပြပွဲနေတွေ ပေါ်ပေါက်လာပြီး ပတ်ချုံဟီး ကို အာခံကြတယ်။
၁၉၇၉ မှာတော့ ကျောင်းသားလှုပ်ရှားမှုပြန်အားကောင်းလာခဲ့တယ်။ ဘူဆန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အင်အား (၅) သောင်းရှိတဲ့ လူထုဟာ အစိုးရအဆောက်အဦတွေကိုဝိုင်းရံတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံရတယ်။ မြို့ပေါင်းများစွာမှာ အလုပ်သမားသမဂ္ဂရဲ့လှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ ပူးမလူထုအုံကြွမှုအဖြစ်နာမည်ကြီးခဲ့တယ်။
ပတ်ချုံဟီးက စစ်အုပ်ချုပ်ရေးအရေးပေါ်ဥပဒေပြဋ္ဌာန်းခဲ့တယ်။ စစ်ထောက်လှမ်းရေးနဲ့ ပတ်ချုံဟီး တို့ ကြားမှာ သဘောထားစကွဲနေပြီ။ နောက်ဆုံး စစ်ထောက်လှမ်းရေးခေါင်းဆောင် ကင်ဂျေကြူ က ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်ပြီး ပစ်သတ်ပစ်လိုက်တယ်။
(ဂ) ချန်ဒူးဝမ်
ချန်ဒူးဝမ်လက်ထက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးဖို့တောင်းဆိုလှုပ်ရှားကြတဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့လှုပ်ရှားမှုတွေမရပ်တန့်သေးပါ။
ဆိုးလ်ဘူတာရုံမှာ လူတသိန်းကျော်စုဝေးကြပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့ကြတယ်။ ချန်ဒူးဝမ် ကလည်း ကျောင်းသားညီလာခံတွေကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင် (၅၅) ယောက်အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် (၂၆) ယောက်ကို
ဖမ်းဆီးခဲ့တယ်။ စစ်အုပ်ချုပ်ရေး ကို ချဲ့ထွင်ခဲ့တယ်။ ကင်ဒေးဂျုံလည်း အဖမ်းခံခဲ့ရတယ်။
၁၉၈၀ မေလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂွမ်ဂျူးလူသတ်ပွဲကို ချန်ဒူးဝမ်ရဲ့အစိုးရက ထောင်ချီပြီးပစ်ခပ်သတ်ဖြတ်ခဲ့တယ်။
( ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် ချန်ဒူးဝမ်နဲ့နိုတေးဝူး ကို နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်)။
၁၉၈၇ မှာ လူတသန်းကျော်ပါဝင်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ဆိုးလ်မြို့မှာ ပေါ်ပေါက်လာခဲ့တယ်။ ကင်ဒေဂျုံ ကို လွှတ်ပေးရတော့တယ်။
ဂွမ်ဂျူးလူသတ်ပွဲဖြစ်ပေါ်ပြီးတဲ့နောက် ကိုရီးယားကျောင်းသားတွေဟာ အမေရိကန်ယဉ်ကျေးမှုဗဟို ကို အကြိမ်ကြိမ်မီးတင်ရှို့ခဲ့ကြတယ်။ ကိုရီးယားစစ်အာဏာရှင်တွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးနေတယ် လို့ ယုံကြည်တာကြောင့် ထောက်ပံ့တဲ့သူတွေကိုပါ တိုက်ခိုက်ကြခြင်းဖြစ်တယ်။အမေရိကန်ပြည်ထောင်စု ဟာ သူ့ရဲ့နိုင်ငံခြားရေးရာမူဝါဒတွေကို ပြန်စဉ်းစားလာရတော့တယ်။
ဦးခင်မောင်ဆွေ နဲ့ ဆလိုင်းလျှံမုန်း ခင်ဗျား
တောင်ကိုရီးယားပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လိုဆက်တိုက်ခဲ့ကြသလဲ၊ နိုတေးဝူး နဲ့ ချန်ဒူးဝမ် ဘယ်လိုအဆုံးသတ်ခဲ့သလဲ သိချင်ရင်
Asian Study က တောင်ကိုရီးယားနိုင်ငံအကြောင်းလေ့လာထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေသာ ဆက်ဖတ်ပါတော့။
အသေးစိတ်တွေကို ရေးမပြတော့ပါဘူး။ ကိုရီးယား လို ပြောင်းလဲရအောင်၊ တောင်ကိုရီးယားသားတွေလို
ကျနော်တို့တိုင်းရင်းသားတွေ ညီညွတ်မှုရှိကြပါရဲ့လား။ ဆလိုင်းလျှံမုန်းရဲ့ ရွေးကောက်ပွဲဝင်ရေးမူဝါဒဟာ ENC ရဲ့တရားဝင်မူဝါဒဖြစ်ပါသလား။
ဒါဆို--ကရင်အမျိုးသားအစည်းအရုံးနဲ့ ကျန်တဲ့အင်အားစုတွေက ၂၀၁၀ ရွေးကောက်ပွဲကိုထားတဲ့သဘောထားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ENC က ချင်းအမျိုးသားလေးရဲ့သဘောထား ဟာ ဦးအေးသာအောင်ရဲ့စီအာပီပီနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသလို၊
ဝ တိုင်းရင်းသားတွေအတွက် ဒေါသဖြစ်စရာဖြစ်နေပါတယ်။ ဆလိုင်းလျှံမုန်း က ENC ကို ကိုယ်စားပြုနိုင်သလား၊
ENC က တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုနိုင်သလား ဆိုတာ အရှင်းဆုံးအဖြေတခုကိုပြနေသလိုမျိုးပါပဲ။
ဦးကံအေးရဲ့မေးခွန်းကို ဆလိုင်းလျှံမုန်း က ဖြေတဲ့အခါ
“မတရားတဲ့အခြေခံဥပဒေ တွေကို ရေးဆွဲတဲ့ စစ်ခေါင်းဆောင်တွေကိုသာ အပြစ်တင်ပါတဲ့။ ကျနော်တို့တိုင်းရင်းသားတွေကို အပြစ်လာမတင်ပါနဲ့” လို့ ဆိုပြန်တယ်။ အခြေခံဥပဒေကိုရေးဆွဲတဲ့သူသာ မဟုတ် သွယ်ဝိုက်ထောက်ခံမိရင်၊ တရားဝင်လုပ်ပိုင်ခွင့်ပေးမိရင် လည်း သမိုင်းတရားခံဖြစ်တတ်တယ် ဆိုတာလောက်တော့နိုင်ငံရေးလုပ်တဲ့ ဆလိုင်းလျှံမုန်း တယောက် သဘောပေါက်သင့်ပါတယ်။
ဒါ့ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခြင်းဟာ သမိုင်းတရားခံမဖြစ်အောင် လုပ်နေကြခြင်းဖြစ်တယ် ဆိုတဲ့
အချက်တချက် ပါဝင်နေတယ် လို့ ယုံကြည်ပါတယ်။
“လမ်းမပေါ်ထွက်ဆန္ဒပြတာဟာ အဆင့်နိမ့်တဲ့နိုင်ငံရေးဖြစ်တယ်”လို့ ဦးခင်မောင်ဆွေက အင်တာဗျုးခဲ့ပါတယ်။ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့တောင်ကိုရီးယားကျောင်းသားတွေက အဆင့်နိမ့်ခဲ့တယ် ဆိုရင် ဘာလို့ ကိုရီးယားပုံစံလိုပြောင်းလဲရမယ်လို့ ဆိုခဲ့ပါသလဲ။
ဘာဖြစ်လို့ ချီလီနိုင်ငံလို ပြောင်းလဲချင်ရပါသလဲ။
အဆင့်မြင့်တဲ့ နိုင်ငံရေးဆိုတာ ပြည်ပက ရတဲ့ ဒေါ်လာ (၂) သိန်း ကို ယူ၊ ပါတီထောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သြဇာအနည်းငယ်ရှိတဲ့
သူတွေကို ကျနော်တို့ပါတီမှာ လုပ်ရင် လစဉ် (၅) သိန်းလောက်ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့မက်လုံးပေးတာကိုခေါ်ပါသလား။ (ဟုတ်မဟုတ်တော့ ကာယကံရှင်နဲ့ဘုရားသခင်သာသိပါလမ့်မယ်)။
ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်တဲ့လူတွေလုပ်တဲ့နိုင်ငံရေးကို အဆင့်မြင့်နိုင်ငံရေးလို့ ခေါ်ပါသလား။
ဒီမိုကရေစီ ဆိုတာ ဂတိမတည်သူတွေနဲ့လူလိမ်တွေအတွက်လည်း ပြောပိုင်ခွင့်ပေးထားတဲ့ ပတ်ဝန်းကျင်တခု ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာဖို့ ဆိုတာ လူလိမ်တွေအတွက် မဖြစ်နိုင်တဲ့ဘာသာရပ်တခုပါ။
လူလိမ်တွေခေါင်းဆောင်တဲ့ပါတီတွေဟာ ပြည်သူလူထုကို ဘယ်လောက်ထိ သတ္တိရှိရှိ ဦးဆောင်နိုင်မလဲ ဆိုတာ ကိုတော့ မျှော်လင့်ချက်
မထားသော်လည်း ကျနော်တို့ဆက်လက်ကြည့်ရှုကြရအုံးမှာပါ။
ရွေးကောက်ပွဲသပိတ်မှောက်ရင် အကျိုးရှိတာဘာလုပ်မှာလဲ
ဒီမေးခွန်းကို တချို့က အားမလိုအားမရမေးသလို၊ တချို့က စပ်စုချင်လို့မေးကြတယ်။ တချို့က ကိုယ့်ရဲ့စကားမတည်ကြည်မှုကို ဖုံးကွယ်ချင်လို့ သူများကိုအပြစ်ပြောဖို့ ပြင်ဆင်ကြတယ်။ အကျိုးမရှိတဲ့အလုပ် ( ၂၀၁၀ ရွေးကောက်ပွဲ) ကိုလုပ်နေတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ကြပါလိမ့်မယ် လို့ ပဲ ယုံကြည်ပါတယ်။ သပိတ်မှောက်မဲ့သူတွေဘက် က အသေးစိတ်ဖြေနေရအောင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံနေရတဲ့လူတွေမဟုတ်သလို၊ အားအားရှိ နိုင်ငံရေး ဝေဖန်ရေးဆရာလိုလို၊ သုံးသပ်သူတွေလိုလို သရုပ်ဆောင်နေတဲ့ ဇာတ်ရူးတွေအတွက် ကုန်ကြမ်းပေးဖို့ မလိုအပ်ဘူးလို့ပဲ
ထင်ပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ရေချိန်မှာ ကြည့်ပြီး အရှိန်ယူပြေးခုန်ရတဲ့ ပြိုင်ပွဲတခုပါ။
ရဲရဲတောက်လှုံ့ဆော်နေသူတွေကြောင့်လည်း လူထုလှုပ်ရှားမှုမဖြစ်နိုင်သလို၊ မထင်မှတ်တဲ့ ပြဿနာလေးတွေကစပြီး မီးထလောင်တတ်ပါတယ်။
စံနစ်တကျ ပြင်ဆင်ထားနိုင်တဲ့သူတွေသာ အခွင့်အရေးပေါ်လာတိုင်း အကျိုးရှိရှိ အသုံးချနိုင်မှာပါ။
အောင်မိုးဝင်း
ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းဆီ သို့ အကြောင်းစာအုပ်ဖတ်ချင်ရင်
Christian W. Haerpfer, Patrick Bernhagen, Ronald F. Inglehart, and Christian Welzel တို့ရေးတဲ့ Democratization မှာ အချက်အလက်တွေရနိုင်ပါတယ်။
ချီလီနိုင်ငံလှုပ်ရှားမှုအတွက် အကောင်းဆုံးစာအုပ်ကတော့ Kurt Schock ရဲ့ People Power Movement in Nondemocracy စာအုပ်နဲ့ Peter Ackerman နဲ့ Jack Duvall တို့ရေးသားတဲ့ A Force More Powerful တို့မှာအသေးစိတ်အချက်အလက်တွေတွေ့နိုင်ပါတယ်။
ကျန်တဲ့သူတွေဆီကလည်း လေ့လာသင်ကြား ဖတ်ရှုချင်ပါသေးတယ်။ မျှဝေကြပါအုံး။
Share:
မေမေ သားရှာနေတာကြာလှပြီ
http://mompoem.blogspot.com မှ ကူးယူပါသည်။)
Friday, March 5, 2010
မေမေ... သားရှာနေတာကြာလှပြီ!
(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။
အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။
(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။
နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။
အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။
"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။
"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"
စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။
(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။
ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။
လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။
"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစ်သက်ခဲ့ပြီး ကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့ ဘုရင်ထံတောင်းဆိုခဲ့တယ်။ အဲဒီလူက ဆန်စေ့တွေကို ချက်ပျဉ်ပထမအကွက်မှာ တစ်စေ့တင်လိုက်တယ်။ အဲဒီနောက် ဒုတိယအကွက်မှာ ဆန်နှစ်စေ့၊ တတိယအကွက်မှာ နှစ်ဆတိုးပြီး ဆန်စေ့လေးစေ့တင်ခဲ့တယ်။ အဲဒီလို ဆတိုးပြီး ချက်ပျဉ်တစ်ခုလုံးကို ဆန်အပြည့်တင်လိုက်တယ်။ နောက်ဆုံးမှာ ဆန်အစေ့ပေါင်းစွာရခဲ့တယ်။ အဲဒီဆန်စေ့ပေါင်းတွေက ကမ္ဘာဆန်စေ့ပေါင်းရဲ့ ၁ဝဆဖြစ်ခဲ့တယ်။ အဲဒီအဆပေါင်းတွေကို သူချီးမြှင့်ခံခဲ့ရတယ်"
ဆရာမပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်။ တကယ်လို့ လူတစ်ယောက်ကို သူကူညီပြီး အဲဒီလူကို နောက်ထပ်လူ(၁ဝ)ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။ အဲဒီနောက် လူတစ်ယောက်ကိုကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ ဒယ်ဘီက "တစ်ခြားလူ(၁ဝ)ယောက်ကို ခင်ဗျားကူညီတာဟာ ကျွန်တော့်ကို ကျေးဇူးတင်ရာရောက်တယ်"လို့ ဆိုခဲ့တယ်။
အကူအညီခံရသူတွေက ဒယ်ဘီရဲ့စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို ဒယ်ဘီရဲ့ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့မေတ္တာတွေက သူတို့ရင်ကို ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့နည်းအတိုင်း လူ(၁ဝ)ယောက်ကိုကူညီပြီး အကူအညီခံရသူတိုင်းကို နောက်ထပ်လူ(၁ဝ)ယောက်စီ ထပ်ကူညီဖို့ သူတို့တောင်းဆိုခဲ့တယ်။ အဲဒီလိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုက မြို့လေးရဲ့နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။
ဂျာမဏီက နာမည်ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ လုံးဝထင်မထားခဲ့မိဘူး။
Rickက အသက်(၅ဝ)အရွယ်ရှိတဲ့ ဂျာမဏီတီဗီလိုင်းက အစီအစဉ်တင်ဆက်သူဖြစ်တယ်။ သူ့ရဲ့ပြည့်ဝတဲ့ စင်ပေါ်အတွေ့အကြုံ၊ ဟာသဥာဏ်ကြောင့် ဂျာမန်တို့နှစ်သက်တဲ့ တင်ဆက်သူတစ်ဦးဖြစ်ခဲ့တယ်။ သူဟာနာမည်ကြီးသူတွေရဲ့ အပြင်ပန်းဟန်ဆောင်မှု၊ ကွယ်ဝှက်မှုတွေကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။ လူတွေရဲ့သရုပ်အမှန်ကို မြင်ပေါင်းများခဲ့လို့ပဲလား! တီဗီလိုင်းတွေရဲ့ အပြိုင်အဆိုင်နဲ့ စိတ်ဖိအားကြောင့်လား! (၂ဝဝ၃)ခုနှစ်မှာ Rickတစ်ယောက် စိတ်ကျရောဂါခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ Rickဟာ ခွင့်တစ်နှစ်ယူပြီး ကိုယ်လက်လန်းဆန်း ပြန်ကျန်းမာလာအောင် ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။
အဲဒီနောက် Rickတစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာခဲ့တယ်။ လှပတဲ့ Rhineမြစ်အလှက သူ့ကို ညှိ့ငင်ဖမ်းစားထားခဲ့တယ်။ တစ်ညနေစောင်းမှာ မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေရာအရောက်မှာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး အိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ မြက်ခင်းပြင်ပေါ် သူလဲကျသွားခဲ့တယ်။ အဲဒီအချိန်မှာ မြစ်ကမ်းနဖူးပေါ် ငါးမျှားနေတဲ့ဒယ်ဘီက မူးလဲသွားတဲ့ Rickကိုမြင်ပြီး ဆေးရုံကိုဖုန်းဆက် အချိန်မီကယ်တင်နိုင်ခဲ့တယ်။
ရောဂါသက်သာလာတဲ့ Rickက သူ့ကိုကယ်ခဲ့တဲ့ ဒယ်ဘီလက်ကို ကိုင်ပြီး ကျေးဇူးတင်စကားပြောတယ်။
"လူလေး... မင်းကို ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိဘူးကွာ။ တကယ်လို့ မင်းငွေလိုရင် မင်းကိုငါ ငွေတွေအများကြီးပေးနိုင်တယ်"
Rickအပြောကို ဒယ်ဘီခေါင်းခါပြီး "တကယ်လို့ အကူအညီလိုအပ်တဲ့ လူ(၁ဝ)ယောက်ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့်ကိုကျေးဇူးဆပ်ရာ ရောက်ပါတယ်" လို့ ပြောခဲ့တယ်။
"မင်းတကယ် ဘာမှမလိုဘူးလား?" Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။
ထူးဆန်းတဲ့ဒယ်ဘီကြောင့် Rick အံ့သြသွားခဲ့တယ်။ အဲဒီမြို့ကမခွါခင် ဒယ်ဘီကိုကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး အဆက်အသွယ်ကို သူချန်ခဲ့တယ်။ Rickထွက်ခွါခါနီး ဒယ်ဘီက "လူ(၁ဝ)ယောက်ကို တတ်နိုင်သလောက် ကူညီဖို့ မမေ့ပါနဲ့နော်" လို့ ထပ်မှာပြန်တယ်။ Rickတစ်ယောက် ဒယ်ဘီကို သေချာကြည့်နေခဲ့တယ်။ ဒယ်ဘီရဲ့ စိတ်ရင်းစေတနာတွေက သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီကို သူတလေးတစား ခေါင်းညိတ်ပြခဲ့တယ်။
ဒီကာလအတောအတွင်းမှာ Rickဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ခဲ့တယ်။ ဒယ်ဘီကြောင့် သူ့ဘဝပိုလှပခဲ့တယ်။ ပေးခဲ့တဲ့ဂတိအတိုင်း လူ(၁ဝ)ယောက်ကို စေတနာရှိရှိ သူကူညီခဲ့တယ်။ လူတွေကိုကူညီပြီးတိုင်း သူ့စိတ်တွေ လန်းဆန်းတက်ကြွလာတယ်လို့ သူခံစားမိတယ်။ အထူးသဖြင့် လူတွေဆီကနေ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကြားရချိန်မှာ သူ့ဘဝ ပိုတန်ဖိုးကိုရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ်ဝက်လောက်ကျန်သေးတဲ့ သူ့ခွင့်ရက်တွေကို ဖျက်သိမ်းပြီး သူအလုပ်ပြန်ဝင်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေက လူတွေကိုကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာခဲ့တဲ့ Rickကိုကြည့်ပြီး အံ့သြခဲ့ကြတယ်။
လူတွေကိုပေးလိုက်တဲ့ အကူအညီ(၁ဝ)ခုက Rickကို ထူးဆန်းမှုတွေနဲ့ ပြောင်းလဲစေခဲ့တယ်။ သူရဲ့စိတ်ကျရောဂါလည်း တဖြေးဖြေး ပျောက်ကင်းလာခဲ့တယ်။ (၂ဝဝ၃)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကိုစလွှင့်ခဲ့တယ်။ Rickတစ်ယောက် ကင်မရာရှေ့မှာရပ်ပြီး တစ်နိုင်ငံလုံးကို သူကြုံတွေ့ခဲ့တာတွေ ပြောပြနေခဲ့တယ်။
"အရင်တုန်းက တခြားလူတွေရဲ့အကြောင်းကို ကျွန်တော်အများကြီးပြောခဲ့တယ်။ ဒီညမှာတော့ ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောပါမယ်....... "
Rickဟာ မျက်ရည်အဝဲသားနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကောင်း(၁ဝ)ခုကို နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rickဟာ ဆို့နင့်တဲ့အသံနဲ့ "ဒါတွေဟာ တကယ်ဆိုတာ မယုံတဲ့လူတွေလည်းရှိကြမယ်။ ဒါပေမယ့် ကိုယ့်မေတ္တာ၊ စေတနာတွေကို တစ်ဘက်သားအတွက် ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေက ကျွန်တော်တစ်ကိုယ်လုံးထဲ လှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူဆယ်ယောက်ကို ကူညီတာနဲ့ သင့်ဘဝက ထူးဆန်းအံ့သြမှုတွေနဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်" လို့ပြောခဲ့တယ်။
ဒီလိုနဲ့ Rickရဲ့အစီအစဉ်က ဂျာမဏီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီး လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့က Rickဆီဖုန်းဆက်ပြီး လူဆယ်ယောက်ကိုကူညီပြီး လုပ်ရပ်ကောင်းဆယ်ခုကို သူတို့လုပ်ဖို့ သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့ တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ချင်ခဲ့ကြတယ်။
(၂ဝဝ၄)ခုနှစ် ဇန်နဝါရီလမှာ ဒယ်ဘီကို Rickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေက ဒယ်ဘီကို တအံ့တသြနဲ့ "မင်းမှာ ဘာဖြစ်လို့ အဲဒီလိုအတွေးတွေရှိခဲ့တာလဲ"လို့ မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နုတ်ခမ်းကိုတစ်ချက်ကိုက်ပြီး သူ့အတွေးတွေကို ပြောပြခဲ့တယ်။ ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ ဒီလောက်နက်နဲလိမ့်မယ်လို့ လူတွေမထင်ခဲ့ကြဘူး။ တချို့လူကြီးပိုင်းအရွယ်တွေက တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်တွေရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။ ဒယ်ဘီရဲ့အတွေးတွေက လူတွေရဲ့အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး စိတ်တစ်နေရာကို ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများရဲ့မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။
Rickက ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ဖက်ပြီး "မင်းအမေတော့ မင်းကိုအရမ်းချစ်မှာပဲ၊ မင်းအမေကို မင်းတစ်နေ့တွေ့မှာပါ" လို့ အားပေးစကားဆိုခဲ့တယ်။
ဂျာမဏီနိုင်ငံတစ်ခုလုံးကို "လုပ်ရပ်ကောင်း(၁ဝ)ခု"ဆိုတဲ့လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာတောင် နွေးထွေးတဲ့အပြုံးတွေ တွေ့မြင်ကြပြီဖြစ်တယ်။ လူတွေက သူတို့ကူညီခဲ့တဲ့လူတွေမှာ ဒယ်ဘီမိခင်ပါဝင်ဖို့ မျှော်လင့်ခဲ့ကြတယ်။
ဒယ်ဘီရဲ့ရုပ်ပုံနဲ့အသံကို ဂျာမဏီနိုင်ငံရဲ့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။ ဒယ်ဘီရဲ့ပုံပြင်ကို လူတိုင်းပြောစမှတ်ပြုခဲ့ကြတယ်။ တီဗီလိုင်းတွေကလည်း ဒယ်ဘီမိခင်ရှာပုံတော်မှာ ကူညီခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမိခင်က လူထင်ထွက်မပြခဲ့ပါဘူး။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ ဒယ်ဘီအပေါ် အကြောင်းမလှတဲ့ ကံတရားတစ်ခုကျရောက်ခဲ့တယ်။ ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများဟာ ဆင်းရဲတဲ့မိသားစု၊ ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေဖြစ်တယ်။ တချို့ကလေးတွေဟာ ငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေထဲ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဒယ်ဘီကိုလူသိများလာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေရှိလာနိုင်တယ်လို့ ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ပစ်မှတ်အဖြစ်ထားခဲ့တယ်။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေကျောင်းဆင်းချိန် အပြန်လမ်းမှာ ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယှက်ခဲ့ကြတယ်။ ဒယ်ဘီကိုယ်ပေါ်မှာ သူတို့လိုချင်တဲ့ ငွေကိုမတွေ့တော့ ဒေါသကြီးတဲ့ လူငယ်တွေက ဒယ်ဘီကို ဓားနဲ့ထိုးခဲ့ကြတယ်။
ဒယ်ဘီရဲ့ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးတွင်းခံရပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေးအိုင်ထဲမှာ ၂နာရီကျော် လဲလျောင်းနေခဲ့ရတဲ့ ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ့မှ ဆေးရုံကိုပို့ခဲ့ရတယ်။ မေ့မြောနေတဲ့ ဒယ်ဘီဆီကနေ "မေမေ... မေမေ..."ဆိုတဲ့ ညည်းသံကို လူတွေကြားခဲ့ရတယ်။
တီဗီလိုင်းတွေက ဒယ်ဘီရဲ့အခြေအနေကို ၂၄နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို ဂရုစိုက်စိုးရိမ်ကြသူတွေက ဒယ်ဘီကျန်းမာဖို့ ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေစုပြီး အလက်ဆန္ဒားရင်ပြင်မှာ လက်ချင်းချိတ်ပြီး အသဲပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပါးစပ်မှာလည်း "မေမေ... မေမေ..." လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ရွတ်အော်သံကိုကြားတဲ့ လူတွေက မျက်ရည်အဝဲသားနဲ့ ဒီ"အသဲပုံ" ထဲပါဝင်လာကြတယ်။ နောက်ဆုံးမှာ လူတွေတဖြေးဖြေး များပြားလာခဲ့ပြီး အသဲပုံလည်း တဖြေးဖြေးကြီးမားလာခဲ့တယ်။
လူတွေကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီး နာရီပိုင်းနောက်မှာ အမျိုးသမီးရာပေါင်းများစွာက တီဗီလိုင်းဆီ ဖုန်းဆက်ပြီး သူတို့ဟာ ဒယ်ဘီရဲ့မိခင်အဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။ Rita က Munichတက္ကသိုလ်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့ "ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူမိပါတယ်"လို့ဆိုတယ်။
အသက်(၃၅)နှစ်ရှိတဲ့ Talinaက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး "ကျွန်မက မိခင်မဲ့ကလေးတစ်ဦးပါ။ အမေရဲ့မေတ္တာကို ငယ်ငယ်လေးကတည်းက ကျွန်မတောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ခံစားချက်ကို ကျွန်မနားလည်နိုင်ပါတယ်" လို့ဆိုခဲ့တယ်။
Koblenzမြို့က Judyဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ်တွေမှာ သူ့သားလေးပျောက်ဆုံးခဲ့ရပြီး သားလေးကိုရှာဖွေနေဆဲသူက "ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး အမေကိုလွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာပဲ၊ ဒယ်ဘီရဲ့မိခင်ဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒယ်ဘီကို မိခင်မေတ္တာအစစ်အမှန်နဲ့ ကျွန်မတစ်သက်လုံးချစ်ပါ့မယ်" လို့ဆိုတယ်။
ထောင်သောင်းမကတဲ့ ဖုန်းတွေမှာ မိခင်အများက သူတို့ရဲ့စစ်မှန်တဲ့အတွင်းစိတ်နဲ့ "ဒယ်ဘီရဲ့မိခင်"လုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမှာ မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး ဒယ်ဘီရဲ့မိခင်အဖြစ် ဒယ်ဘီကိုပြုစုစောင့်ရှောက်စေခဲ့တယ်။ အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် လူအများစိစစ်ဆွေးနွေးပြီးနောက် ဒယ်ဘီနဲ့တစ်မြို့ထဲနေတဲ့ Judyကို ဒယ်ဘီရဲ့မိခင်အဖြစ် သဘောတူလိုက်ကြတယ်။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မနက်ပိုင်းမှာ မေ့မြောနေရာက ဒယ်ဘီနိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lily ပန်းတစ်စည်းကိုင်ထားတဲ့ Judyကို ကုတင်ဘေးမှာ ရပ်နေတာတွေ့လိုက်တယ်။ Judyက ဒယ်ဘီရဲ့လက်ကိုကိုင်ပြီး "ဒယ်ဘီ... မေမေ.. မေမေဒီမှာပါ" လို့ဆိုတယ်။ နေရောင်ခြည်ကို တွေ့သလိုမျိုး ဒယ်ဘီမျက်လုံးတွေ အရောင်လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ "တကယ်ပဲ ကျွန်တော်ရဲ့အမေလားဟင်!" လို့မေးတယ်။
မျက်ရည်စက်လက်နဲ့ Judyခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာရှိတဲ့လူတွေကလည်း ဒယ်ဘီကို ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ဒယ်ဘီပါးပြင်ပေါ် စီးကျလာခဲ့တယ်။
"မေမေ... သားရှာနေတာကြာလှပြီမေမေ.. သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ.. ထပ်ခွဲမသွားပါနဲ့တော့"
"စိတ်ချပါသားရယ်.. သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး"
Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ပြောတယ်။ ဒယ်ဘီရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။ စကားတွေအများကြီး သူထပ်ပြောချင်ပေမယ့် သူမှာပြောဖို့ အင်အားမရှိခဲ့ဘူး။
အဲဒီနေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ဖြစ်တယ်။ Judyရဲ့လက်ကို လွတ်ထွက်သွားမှာစိုးတဲ့အလား သူတင်းတင်းဆုပ်ကိုင်ထားမိတယ်။ အမေ့မျက်နှာကိုကြည့်ဖို့ သူမျက်လုံးတွေ တစ်ချက်မှမမှိတ်ခဲ့ဘူး။ အခန်းထဲမှာရှိတဲ့ လူတွေရဲ့ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်၂နာရီမှာ ဒယ်ဘီတစ်ယောက် မျက်လုံးစုံမှိတ်ပြီး လူ့ဘဝထဲကနေ ထာဝရထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် Judy လက်ကို သူတင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....
မူရင်း-- http://www.duwenzhang.com
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Share:
သမိုင်းကွေးသူများ
ရေရှည် စစ်တဲ့
ဓါးထုတ် လှံထုတ်
တွေ့ သမျှ ရန်သူ
အကုန်ခုတ်ရမယ်ဆိုဘဲ
အမိန့် တွေက
အရပ် လေးမျက်နှာက လာတယ်
အရပ် ရှစ်မျက်နှာက လာတယ်
ကောင်းကင် ပေါ်က လာတယ်
မြေကြီးထဲက လာတယ် ……..
ဟိတ်တွေ ဟန်တွေဆီက လာတယ်…..။
မလာတာဆိုလို့ 
အမိန့် ပေးတဲ့ သူတွေပဲ ရှိတယ် …..။
ရန် ….. ငါ စည်းပြတ်ရမယ်
ရန် ….. ငါ စည်းပြတ်ရမယ်
အသံပြာ အားကုန်
ကိုယ်ကျိုးစီးပွား အနေချောင်လိုသူများကတော့
နဲနဲလေးမှမဖြုန်
တော်လှန်ရေးကြီး ပြီးဆုံသွားမှာကိုတောင်
ရင်တုန်နေကြတယ် ……။
ရန် ….. ငါ စည်းမပြတ်တော့
သံ ဃာ အသတ်ခံရတာ
ကျောင်းသား လူငယ် အသတ်ခံရတာ
ပြည်သူလူထုကြီး အသတ်ခံရတာ
ပုံပြင်လည်းမဟုတ် ရာဇ၀င်ထဲက အမှိုက်ထုပ်လည်းမဟုတ်တဲ့
သမိုင်းစစ်စစ်ရဲ့  မှတ်တိုင်များ
ခေတ်ကြီးက သက်သေပြခဲ့ပြီးသား မဟုတ်လား …။
အခုများတော့
ရန် ….. ငါ စည်းပြတ်ရမှာလဲ မသိတော့ဘူး
ဒို့ ခေတ်ရောက်မှ ညံ့နေကြပြီဆိုတာလည်း မသိတော့
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရမယ်ဆိုတာလည်း မသိတော့ဘူး
မပြီးဆုံးနိုင်သေးတဲ့ တော်လှန်ရေးထဲမှာ
တိုင်းပြည်အရေး မိုးထဲလေထဲမှာ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြသည့်ကိစ္စများ
ရပ်တန်းက မရပ်နိုင်ကြတော့ဘူးလား
အဆုံးသတ်မှာ သမိုင်းတရားခံအဖြစ်
ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ 
ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့ …..။
ရဲရင့်သက်ဇွဲ
စက်တင်ဘာ ၂၀၁၀
Share:
Popular Posts
Powered by Blogger.
Recent Posts
Instagram Photo Gallery
About Us
Ye Yint Thet Zwe is a Burmese poet currently based in Helsinki. Ye Yint studied Myanmar Literature at the Correspondent University of Yangon until 1988, when the student revolution began and Ye Yint became part of the student army. Wikipedia Born: 1965, Yangon, Myanmar (Burma)
Number of Posts
Slider
Slider Display
About us
Recent Pics
Video Bar
Loading...
Search This Blog
Blog Archive
Disqus Shortname
https://www.blogger.com/blogger.g?blogID=1209504177968557943#pageelements
Related Posts Display
Sports
Facebook
Business
Life & style
Games
Fashion
Technology
Random Posts
Text Widget
Labels
Labels
sponsor
sponsor
Labels
Translate
Comments
Author
Famous Posts
Unordered List
Lorem ipsum dolor sit amet, consectetur adipiscing elit. Vivamus leo ante, consectetur sit amet vulputate vel, dapibus sit amet lectus. Etiam varius dui eget lorem elementum eget mattis sapien interdum. In hac habitasse platea dictumst.
Popular Post
Labels
Blog Archive
Recent Posts
Unordered List
  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.
Pages
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.