Fashion Era

Saturday, November 28, 2009

စွန့်ဝံ့သူများနဲ့ မိုင်းမိသူတွေရဲ့ ကြား

(မဆုမွန် ဘလောက်ဂ်မှကူးယူဖေါ်ပြပါသည်။)

စွန့်ဝံ့သူများနဲ့ မိုင်းမိသူတွေရဲ့ ကြား

အဖြူရောင် ပိတ်သားထက်မှာ..အမြှောက်တွေကို အသင့်ချိန်ရွယ်ထားတဲ့ တင့်ကားတွေ တန်းစီပြီး တရွေ့ရွေ့လာနေတယ် နောက်ခံမှာက မီးခိုးလုံးတွေ .ကျွန်မတို့ တစ်တန်းလုံး သိသိသာသာ တိတ်ဆိတ်သွားတယ် ခြောက်ခြားမူတွေ တုန်လူပ်မူတွေ နဲ့အတူ ရှေ့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်နေရကြတဲ့အချိန် တင့်ကားတွေရဲ့ ရှေ့တည့်တည့်မှာ အဖြူရောင်ရှပ်အကျီဝတ်ထားတဲ့ လူငယ်လေးတစ်ဦးပေါ်လာတယ် သူတင့်ကားတွေရဲ့ ရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်တယ် သူတစ်ယောက်တည်း ထီးထီးကြီး တင့်ကားတွေရှေ့မှာ မားမားရပ်နေတယ် ထိုင်းကျောင်းသားတွေရဲ့ အံ့သြရေရွတ်သံ သဲ့သဲ့ကြားလိုက်ရတယ် နောက် တင့်ကားကြီး လူပ်လာတယ် အားလုံး အလန့်တကြား ထအော်လိုက်တယ်.

အဖြူရောင်ဝတ်ထားတဲ့ ကျောင်းသားလေး တင့်ကားရဲ့ ဦးတည်ရာဘက်ကို လိုက်ရွေ့လိုက်တယ် ကျွန်မ တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထမိတယ် လေအေးခန်းထဲမှာနေရပေမယ့် ရင်ဘတ်တစ်ခုလုံး ပူလောင်လာသလိုလို လက်ဖ၀ါးတစ်ခုလုံးက ချွေးစီးတွေနဲ့ အေးစက် တင်းကျပ်နေတယ်။ မကြောက်မရွံ့ အစိုးရခေါင်းဆောင်တွေကို လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောနေတဲ့ ရဲရင့်မူအပြည့်နဲ့ ကျောင်းသား ခေါင်းဆောင် ကင်မရာတွေ ရှေ့မှာတောင် ဆောက်တည်ရာမရ ဖင်တကြွကြွနဲ့ မျက်မာန်ကြီးစွာ ဒေါသဖြစ်နေတဲ့ တရုတ်ခေါင်းဆောင်တွေ..နောက်ပြကွက်က..အကြမ်းဖက် နှိမ်နင်းဖို့အသင့်ပြင်နေတဲ့ တရုတ်စစ်သားတွေ..နောက် တန်းစီချီတက်လာတဲ့ သံချပ်ကားကားတွေ...သူတို့အရှေ့မှာမှ တစ်ဦးတည်း ရပ်နေတဲ့ ကျောင်းသားလေးတစ်ယောက်..

မျက်နှာခြင်းဆိုင်ရပ်လိုက်တဲ့အခါ တင့်ကားကြီး ငြိမ်သွားတယ် နောက် သူ အခြားတစ်ဘက်ကို ပြန်ပြောင်းဦးတည်ပြန်တယ် အဖြူရောင်ကျောင်းသားလေး က တင့်ကားရဲ့ ဦးထိပ်ဘက်ကို လိုက်ပြီး အလျင်အမြန်ပြောင်းရပ်လိုက်ပြန်တယ် တင့်ကားနဲ့ကျောင်းသားလေး ထုတ်ဆီးတိုးတန်းကစားနေသလို ဒါဟာ ကစားနေတာတော့မဟုတ်ဘူး အသက်ကို ထပ်ပြီး ယုံကြည်ရာအတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေတဲ့ဆိုတဲ့ ပြရုပ်ကို သူက တကမ္ဘာလုံး သိအောင် အာဇာနည်စိတ်ဓာတ် ကျောင်းသားစိတ်ဓာတ်ကို ပြလိုက်တာပါပဲ။

ဟုန်းဟုန်းတောက်နေတဲ့ မီးလျံတွေကြား သွေးအလိမ်းလိမ်းနဲ့ အလူးအလူးအလိမ့်လိမ့် ကျောင်းသားတွေ..ကျွန်မတို့အားလုံးရဲ့ မျက်နှာပြင်မှာ အံ့သြတုန်လူပ်ခြင်းနဲ့အတူ ..ငြိမ်သက်တိတ်ဆိတ်နာကျင်မူတွေနဲ့...တင့်ကားရဲ့ရှေ့မှာ မကြောက်မရွံ့ မားမားရပ်ပြီး တားဖို့ကြိုးစားနေတဲ့ တရုတ် ကျောင်းသားလေးအပေါ် ခံစားရတဲ့ ခံစားချက်တွေက ကျွန်မရင်တစ်ခုလုံးကို တင်းတင်း ဆုပ်ကိုင်ခံလိုက်ရသလိုပါပဲ။ သူလိုလူစားမျိုး..သူလို အာဇာနည်စိတ်ဓာတ်မျိုး သူလို ကျောင်းသားစိတ်ဓာတ်မျိုး.. အမည်မသိ စွန့်လွှတ်သွားတဲ့ တကယ့် ကျောင်းသားအာဇာနည်တွေကို ပြန်မြင်ယောင်မိပြီး ကျွန်မ တော်တော်ထိထိခိုက်ခိုက်ခံစားလိုက်ရပါတယ်။

၁၉၈၉ခုနှစ်က တရုတ်နိုင်ငံ တီအန်မင်ရင်ပြင်ရှေ့မှာ တရုတ်ကျောင်းသားတွေ ဆနပြတဲ့နေရာကို တရုတ်အစိုးရက တင့်ကားတွေနဲ့တက်ကြိတ်ပြီး အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ပြကွက်လေးကို အမေရိကန်ပါမောက္ခက Freedom of Expression နဲ့ပတ်သတ်ပြီး လူတွေဟာ ဘယ်လောက်ငတ်မွတ်တယ် ကျောင်းသားတွေက ဘယ်လိုတိုက်ယူခဲ့ရလဲဆိုတာကို တရုတ်အခြေအနေကို ယှဉ်ပြီး သိနိုင်ဖို့ ဗီဒီယိုကလစ်လေးတစ်ခုကို ကျောင်းစာသင်ခန်းထဲမှာ ဖွင့်ပြနေတာပါ။ ကျောင်းသားတွေဆီ မသွားခင် အမည်မသိ တရုတ်ကျောင်းသားလေးတစ်ယောက်တည်း တင့်ကားတွေကို မသွားဖို့ တားနေတဲ့ မြင်ကွင်းလေးက ကျွန်မတို့ကျောင်းသားတွေရဲ့ စိတ်နှလုံးကို တော်တော်လေး ထိထိခိုက်ခိုက် ခံစားစေပါတယ်။ အားလုံးငြိမ်သက် တိတ်ဆိတ်သွားတယ်။ နာကျင်မူတွေက အခန်းတစ်ခုလုံးမှာ လွှမ်းခြုံထားသလိုမျိုး..

ဒါပေမယ့် ကျွန်မ ဘေးနားက အသံ ခပ်သဲ့သဲ့ ထွက်လာတယ်။။ He is so stupid..stupid he should die there should die.. ..အင်္ဂလိပ်စကားကို အမြဲတမ်းအထစ်ထစ်အငေါ့ငေါ့ သို့မဟုတ် အမြဲတမ်း အမှားမှားအယွင်း အသံထွက်လေ့ရှိတဲ့ ပြည်မကြီးက ကျောင်းလာတက်တဲ့ ကျွန်မ သူငယ်ချင်း တရုတ်မလေးက လက်နှစ်ဘက်ကို တင်းတင်းပိုက်ပြီး တစ်စက်လေးမှ စိတ်ထိခိုက်မူမပြပဲ အဆိုပါပြကွက်က သူ့အတွက် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရသလိုမျိုး မျက်နှာထားနဲ့ သူရေရွတ်လိုက်တာဖြစ်ပါတယ်။ အပြစ်မဲ့ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆနပြနေတဲ့ ကျောင်းသားတွေကို စစ်တပ်အင်အားသုံး တင့်ကားနဲ့ပါ တက်ကြိတ်ပစ်လို့ လူတွေ ထောင်နဲ့ချီပြီ ကျဆုံးခဲ့ရတဲ့ တီအမ်မင်ရင်ပြင်ပြကွက်လေးကို ကြည့်ပြီး နာကျင်မူတွေနဲ့တိတ်ဆိတ်နေတဲ့ စာသင်ခန်းလေးထဲက ရုတ်တရက် စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တဲ့ သူ့အသံကြောင့် အားလုံး သူ့ကို အံ့သြတကြီး လှည့်ကြည့်ကြပါတယ်။

ဆရာကိုယ်တိုင်တောင် မျက်ခုံးပင့်ပြီး သူ့ကို စူးစူးစိုက်စိုက်ကြည့်ပါတယ်။ သူဆီက အေးစက်စက်လေသံနဲ့ ဆရာကို တစ်လုံးချင်း သူက ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူ ပြည်ပရောက်ကတည်းက ဆွေးနွေးကြတာ ပြောကြတာတွေကို သူကြားခဲ့ရတယ်ပေါ့။ သူ့အနေနဲ့ကတော့ ဒီကိစ္စမှာ အစိုးရလွန်တယ်လို့ မယူဆပါဘူးတဲ့။ ကျွန်မ သူ့ကို ကြည့်နေရင်းကနေ အာခေါင်တွေ ခြောက်လာပြီး ရေငတ်သလို ခံစားလာရပါတယ်။ သူတို့အစိုးရအနေနဲ့ တိုင်းပြည် လုံခြုံရေးအတွက် လုပ်ခဲ့တာသာဖြစ်တယ်။ တိုင်းပြည်ကို မငြိမ်မသက်အောင် လုပ်တဲ့ သူတွေကို အစိုးရက ငြိမ်သက်အောင်ဖြေရှင်းတဲ့နေရာမှာ ဒီလိုဖြစ်တာဟာ သိပ်ပြီးတော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ နဂိုကတည်းက အကြိမ်ကြိမ်သတိပေးခဲ့တဲ့ အပေါ် ကျောင်းသားတွေက မနာခံခဲ့အတွက် အဲ့လိုဖြစ်တာ သူတို့ကြိုသိဖို့ကောင်းတယ် ဖြစ်တော့မှ သိပ်တော့ သနားစရာ စိတ်မကောင်းစရာမရှိဘူး ဆိုတာကို မျက်နှာထားခပ်တင်းတင်းနဲ့ပြောနေတဲ့ တရုတ်မလေးကို ကြည့်ပြီး သူ ဘယ်လိုခံယူချက်မျိုး ဘယ်လိုနှလုံးသားမျိုး ဘယ်လို စိတ်မျိုးနဲ့ ပြောထွက်နေသလဲဆိုတာ အံ့သြတကြီးနဲ့ ကြည့်နေရင်း သူကို ပြောချင်တဲ့ စကားလုံးတွေ ကျွန်မ ပါးစပ်ဖျားကို အလုအယက်တိုးဝှေ့လာပါတယ်။

သူ့ကို ကြည့်ရင်း ရင်ဘတ်တစ်ခုလုံးက ဆုပ်ကိုင်ညှစ်ခံရသလို နှလုံးခုန်သံတွေလဲ တဒိန်းဒိန်းဖြစ်လာတယ်။ နုတ်က ပြောချင်ပေမယ့် စေးကပ်နေတယ်။ သူတို့တိုင်းပြည်အရေး သူတို့တိုင်းပြည်ကိစ္စကို ပြောနေတာ ငါဝင်ပြောရင် ဘာတွေဖြစ်ကုန်မလဲ...ပါးစပ်က မထိန်းနိုင်ပဲ ပြောဖို့ဟန်ပြင်ချိန်မှာပဲ ဆရာစကားသံ က ထွက်လာတယ်။

ဆရာက မင်း အဲ့ဒီ့အဖြစ်အပျက်ကို ဘယ်လို နားလည်လက်ခံထားတယ်ဆိုတာတော့ ငါမသိဘူးတဲ့ ဒါပေမယ့် မင်းအခုမြင်နေရတဲ့ မြင်ကွင်းထဲမှာ ကျောင်းသားတွေ လက်နတ်ကိုင်ထားတာ မြင်လား ကျောင်းသားတွေ အကြမ်းဖက်နေတာမြင်လားတဲ့ ငါက မင်းတို့ကို ဒီပြကွက်ကို ပြတယ်ဆိုတာ Freedom of Expression ကို ပြချင်တာပဲတဲ့။ မင်းထက်ငယ်တဲ့ မင်းတို့လူမျိုးကျောင်းသားလေးတွဟာ အာဏာအတွက် ရာထူးဂုဏ်သိမ်တွေအတွက် သူတို့အတွက် အခွင့်ထူးခံတွေရဖို့ တိုက်ခဲ့တယ် ဒီလိုတောင်းဆိုခဲ့တယ်လို့ မင်းထင်လားတဲ့။

သူက ခပ်မဲ့မဲ့ပြုံးတယ်။ဒါဆို ဘာအတွက် သူတို့တိုက်သလဲတဲ့ ငါတို့အခု ကျောင်းတက်ရတယ် စီးပွားရေးတွေ လုပ်ခွင့်ရှိတယ် ငါသိသလောက်တော့ တရုတ်ပြည်မကြီးမှာ ဘာမှ ဆိုးဆိုးဝါးဝါးဖြစ်နေတာ ဖြစ်ခဲ့တာ ငါ့သက်တမ်းတလျောက် မကြားဖူးဘူးတဲ့။ အေပက်တက္ကသိုလ်က Mass Com ကို ဘွဲ့ရခဲ့ပြီး ရမ်ဂမ်ဟမ်တက္ကသိုလ်မှာ Mass Comကိုပဲ မာစတာ လာတက်နေတဲ့ ပြည်မကြီးက ကျောင်းသူလေးရဲ့ နုတ်ဖျားက ခပ်ပြတ်ပြတ်ပြောနေတဲ့ စကားလုံးတွေက ဓားသွားတစ်ခုလို စူးရှလွန်းတယ်။ ကျွန်မ မျက်လုံးကို စုံမှိတ်လိုက်တယ်။

ဆရာက ဒါဆို မင်းတို့တရုတ်ပြည်က မင်းတို့ပြောသလို တကယ်ပဲ ငြိမ်းချမ်းတယ်ဆိုရင် တကယ်ပဲ အခွင့်အရေးတွေ ရှိနေတယ်ဆိုရင် သူတို့ဘာကြောင့် အခုလို အသက်စွန့်ပြီး ငြိမ်းချမ်းစွာနဲ့တိုက်ရမလဲတဲ့ မင်းထက်ငယ်တဲ့ ကျောင်းသားလေးတွေ လမ်းပေါ်ထွက်ပြီး သူတို့ဘာကြောင့် တိုက်ပွဲဝင်ရတယ် တောင်းဆိုရတယ် ဆိုတာ မင်းသိလားတဲ့။ ဒီလို တောင်းဆိုရင် သူတို့သေမယ် သူတို့ကို သတ်မယ် သူတို့ပညာရေးကိုထိခိုက်မယ် ဆိုတာ သိသိချည်းနဲ့ သူတို့ရဲ့လွတ်လပ်ခြင်းတွေကို ငတ်မွတ်လွန်းလို့ အခုလို သူတို့ တောင်းဆိုနေတာ ..သူတို့အတွက်သပ်သပ်ပဲလို့ မင်းထင်သလားတဲ့ ဆရာက ရုတ်တရက်စကားစဖြတ်လိုက်ပြီး နောက်ဆုံးသူတို့သေသွားတာတောင် မင်းတို့အစိုးရက..သူတို့ကိုယ်ထဲကို ၀င်သွားတဲ့ ကျည်ဆံတောင့်တွေအရေအတွက်အတိုင်း အစိုးရကို လျော်ကြေးပြန်ပေးရတယ်ဆိုတာ မင်းသိလားလို့ ဆရာက ဆိုတော့..သူက ချက်ခြင်းပဲ ခပ်ဆောင့်ဆောင့်ပြန်အော်ပါတယ်။

ok now you see တဲ့ သူတို့ရဲ့ အဓိပါယ်မဲ့လုပ်ရပ်တွေအတွက် မိဘတွေပါ ထိခိုက်နစ်နာရတာ သူတို့မှာ ခေါင်းထဲမှာ ဘာမှ မရှိဘူး သူများက သွေးထိုးတာတွေ လူံဆော်တာတွေကို နားယောင်ပြီး အစိုးရကို တော်လှန်ဖို့လုပ်တာ သူများလက်ဝေခံနေပြီး တိုင်းပြည်ကို တော်လှန်နေတဲ့ တဲ့ ဒလိုင်းလာမားလိုပဲတဲ့..စကားသံတွေကို မခံနိုင်လွန်းလို့ ကျွန်မ သွေးတွေ ပွက်ပွက်ဆူလာတယ် လက်နှစ်ဘက်က ထိုင်ခုံလက်တမ်းကို တင်းတင်း ဆုပ်ကိုင်ထားရင်းက ပေါက်ထွက်တော့မလိုပဲ နာကျင်လာမိတယ်။ ဆရာနဲ့သူမနဲ့ နှစ်ယောက်တည် အပြန်အလှန် ပြောနေတဲ့ စကားလုံးတွေကြားမှာ တတန်းလုံးက တိတ်ဆိတ် ငြိမ်သက်လို့ အသက်ရူရကျပ်လွန်းလို့ ရင်ခွင်တစ်ခုလုံးမွန်းကျပ်လာလို့ ကျွန်မ ၀ုန်းကနဲ ထရပ်လိုက်တယ်။

ကျွန်မ လုံးဝ မခံစားနိုင်တော့ပါဘူး။ ကျွန်မ ၀င်ပြောလိုက်ရင်ရော..တစ်ခုခုပြောလိုက်ရင်ရော.. အားလုံးက အလန့်တကြား ကျွန်မကို မော့ကြည့်တယ် ထိုင်ခုံကို ခပ်ကြမ်းကြမ်းတွန်းပြီး ကျွန်မ အခန်းအပြင်ကို အပြေးတပိုင်း ထွက်သွားလိုက်မိတယ်။ အပြင်ရောက်မှ အသက်ကို ခပ်ပြင်းပြင်းရိုက်ရူလိုက်ရင်း မျက်စိကို တင်းတင်းမှိတ်ထားလိုက်မိတယ်။

အရာရာဟာ တစ်ထပ်တည်းပါလားး အခြေအနေတွေ လူတွေ အားလုံးဟာ နိုင်ငံသာကွဲတယ် လူမျိုးသာကွဲတယ် အားလုံးထပ်တူညီနေကြပါလား။ သူတို့တွေ ပြောနေတဲ့ ပြောနေကျစကားလုံးတွေဟာ တစ်ထပ်တည်းကျနေပါလား။ တော်လှန်သူနဲ့ထောက်ခံသူတွေကြား ဘယ်သူက မျက်စိမှိတ်ထားသလဲ ဘယ်သူက နားတွေ ပိတ်ထားသလဲ ဘယ်သူက မိုင်းတွေမိနေသလဲ အပြန်အလှန် စွတ်စွဲချက်တွေကြား ဘယ်အရာတွေက အမှန်တရားတွေလဲ ဘယ်သူက ဆုံးဖြတ်ပေးနိုင်မလဲ။ ပုံရိပ်တွေ စကားသံတွေ အဖြစ်အပျက်တွေ သမိုင်းတွေဟာ လူသားတွေရဲ့ ရပ်တည်ချက် ယုံကြည်ချက် ခံယူချက်တွေကို ပြောင်းလဲပေးနိုင်ပါ့မလား။

စွန့်လွှတ်သွားသူတွေရဲ့ အတိတ်ပုံရိပ်သမိုင်းတွေဟာ ဒီလို ၀ါဒမိုင်းမိနေသူတွေအကြားမှာ ဖျက်မျဉ်းတွေ ဖြစ် နေသလား သမိုင်းမှားတွေ ၀ါဒအမှားတွေ ခံယူချက်အမှားတွေကို ကျောင်းသင်္ခန်းစာတွေ..ဆရာတွေ ပါမောက္ခတွေ။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကရော ပြုပြင်ပြောင်းလဲပေးနိုင်ပါ့မလား။ မေးခွန်းတွေ တန်းစီပြီး ကိုယ့်အတွေးထဲမှာ ၀င်လာမိတယ်။

ခေါင်းကိုပဲ ခပ်ကြမ်းကြမ်းရမ်းခါပြီး သန့်စင်ခန်းထဲက မှန်ထဲမှာ ကိုယ့်ကိုကိုယ် သေချာကြည့်မိတော့. မျက်ရည်စတွေ စွန်းထင်းနေတဲ့ နီရဲနေတဲ့မျက်ဝန်းအစုံနဲ့ စူးစိုက်ကြည့်နေတဲ့ ကိုယ့်ပုံရိပ်ကိုမြင်လိုက်ရတယ်။ ရေခေါင်းကို အဆုံးအထိဖွင့်ချရင်း မျက်နှာကို ရေနဲ့ခပ်ကြမ်းကြမ်း ပက်လိုက်မိတယ်။

8888အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ပုံရိပ်တွေ သွေးတွေ စွန်းထင်းနေတဲ့ ရုပ်အလောင်းတွေရှေ့မှာ ရင်ဘတ်ကို စုံထုပြီး ငိုကြွေးနေတဲ့ ကျောင်းသားတွေ လက်သီးကိုတင်းတင်းဆုပ် အံကို တင်းတင်းကြိတ်ရင်း တွေတွေကြီးတွေရပ်နေတဲ့ ကျောင်းသားတွေ။ အတုန်းအရုန်းလဲပြိုကျနေတဲ့ ကျောင်းသားရဟန်းရှင်လူတွေကို ကျည်ဆံတွေကြားက ဆွဲပြေးကြတဲ့ ကျောင်းသားတွေ သေနတ်ကျည်ဆံတွေကြား သူတို့ ရင်ခွင်တွေကို ဖြန့်ကျက်ပြီး ကာပေးနေတဲ့ ကျောင်းသားတွေ သွေးအလိမ်းလိမ်း ပေကျံနေတဲ့ ကျောင်းသူလေးကို ဆွဲပွေ့ပြေးနေတဲ့ ဆေးကျောင်းသားတွေ။

မကြာသေးမှီကာလက စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးထဲမှာ သံဃာတော်တွေကို မိုးဖွေးဖွေး ရေဖွေးဖွေးကြားမှာ တွဲလက်တွေ မြဲမြံနေအောင်ယှက်တွဲပြီး တစ်သားတည်း လိုက်ပါတောင်းဆို ဆန္ဒပြခဲ့တဲ့ ကျောင်းသားလူငယ်လေးတွေ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ကတ္တရာလမ်းမကြီးထက်က ပိုင်ရှင်မဲ့နေတဲ့ ဖိနပ်လေးတွေ. အဖမ်းခံရလို့ ငုတ်တုတ်လေးတွေထိုင်နေရတာကို စစ်ဖိနပ်နဲ့ကန်ရုံ အားမရလို့ နံပတ်တုတ်နဲ့ခုန်ခုန်ရိုက်နေတဲ့ စစ်ခွေးတွေ။ အတုံးအရုံး လဲပြိုကျခဲ့ရတဲ့ ရဟန်းသံဃာတွေ အဖိုးအရွယ် သက်ကြီးရွယ်အိုတွေ .................................................

ကျွန်မ ရင်ခွင်တစ်ခုလုံးပေါက်ကွဲသွားမတတ် နာကျင်မူတွေကို ခံစားလာတယ်။ ၀မ်းနည်းမူ နာကျင်မူတွေက တစ်ကိုယ်လုံး ဆူးနဲ့ထိုးနေသလိုလို တဆစ်ဆစ်ဖြစ်လာတယ်. ကျွန်မရှေ့က ဘေစင်မှာ ရုတ်တရက် သွေးတွေ ချင်းချင်းနီလာတယ်..ကမမ်းကတမ်း မျက်နှာကို လက်နဲ့အုပ်ကာလိုက်တယ်..

ကျွန်မ နှာခေါင်းထဲကနေ သွေးတွေ တပေါက်ပေါက်ကျလာပါတယ်။ကျွန်မ စိတ်အရမ်းလူပ်ရှားရင်ဖြစ်စေ စိတ်အရမ်းထိခိုက်ရင်ဖြစ်စေ နှာခေါင်းကနေ သွေးက အဆက်မပြတ်ကျလာတတ်တယ်။ သွေးတွေကို ဖိသုတ်ရင်းက အသက်ကို ခပ်ပြင်းပြင်းရိုက်ရူလိုက်တယ်။ သန့်စင်ခန်းထဲကို ၀င်လာတဲ့ ကျွန်မ သူငယ်ချင်း ထိုင်းမလေးက သွေးတွေနဲ့ ချင်းချင်းနီနေတဲ့ ကျွန်မ မျက်နှာကို မြင်လိုက်တော့ သူအရမ်းလန့်သွားပြီး.Suu Are you ok are u ok လို့ အဆက်မပြတ်အော်ရင်း အတင်း ကျွန်မ မျက်နှာကို မော့ခိုင်းပါတယ်။ ကျွန်မ လက်ကို အသာကာပြိး ငါခနနေရင် သက်သာမှာပါလို့ ပြောတာကို လက်မခံပဲ ကျွန်မ နှခေါင်းကို တစ်ရူုးစနဲ့ပိတ်ပြီး နောက်ဝင်လာတဲ့ ထိုင်းမလေးကို ရေခဲပြေးယူခိုင်းပါတယ်။

ခေါင်းထဲ မိုက်ကနဲဖြစ်သွားတဲ့အချိန် ကျွန်မ လက်မောင်းကို အသာအယာထိန်းကိုင်လိုက်တဲ့ သူကို ကျေးဇူးတင်စိတ်နဲ့ ငဲ့ကြည့်တော့ သူ....ကျွန်မ နဲ့သူနဲ့ မျက်ဝန်းချင်း ခပ်ကြာကြာဆုံဖြစ်တယ်. နာကျင်မူတွေနဲ့စိုက်ကြည့်နေတဲ့ ကျွန်မ မျက်ဝန်းကို သူရင်မဆိုင်နိုင်လို့လားတော့မသိ မျက်နှာလွှဲလိုက်တယ်။ သူရဲ့လက်ကို ဖတ်ကနဲပုတ်ချလိုက်ပြီး ကျွန်မ အပြင်ကို တရောသောပါး ပြေးထွက်သွားလိုက်တယ်။ ကျိန်းသေတာ တစ်ခုကတော့ သူနဲ့ကျွန်မနဲ့ကြား နောင်ကို အပြောင်အပျက်သဘောနဲ့တောင် ခင်မင်ရင်းနှီးလိုစိတ် ကျွန်မစိတ်က မရှိတော့မှာ သေချာပါတယ်။အရင်ကတော့ ကျွန်မတို့ အင်မတန်ချစ်ခဲ့ကြတယ်။။ အဲ့ဒီ့နေ့က ဘန်ကောက်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကို မိုးရေထဲမှာ မျောချလိုက်တယ်။ သူကို ကျွန်မရင်ထဲကနေ အပြီး စွန့် ခွာလိုက်တယ် ။

်Labels: ရင်ကွဲနာ အပိုင်းအစများ



Thursday, November 26, 2009

စုန်လိုက် ဒဿန၏ အန္တာရယ်

[8888peoplepower] အီးမေးလ်အုပ်စုမှ ကူးယူရရှိဖေါ်ပြပါသည်။

The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့  ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကိုစိတ်ဝင်စားသူတယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို စပြီးသင်ယူခဲ့စဉ်ကပင် ဆရာမောင်စူးစမ်း ဆိုတဲ့ အမည်နဲ့ ရင်းနှီးပြီး သားဖြစ်ခဲ့ပါတယ်၊ အစွန်းထွက်တန်ဘိုးတို့၊ ကုန်ထုတ်စွမ်းအား ကုန်ထုတ်ဆက် ဆံရေး ဆိုတဲ့ ဝေဟာရတွေကို ကြားလိုက်ရင်ပဲ မောင်စူးစမ်းဆိုတဲ့ အမည်နာမကို ပြေးပြီး မြင်မိပါတော့တယ်။ ဆရာသည် ဆိုရှယ်လစ်ဘောဂဗေဒဘာသာရပ်မှာတော့ ပါရဂူတဦးပါပဲ၊ ဒါကြောင့်လည်း မ.ဆ.လ ခေတ်တခေတ်လုံးဆရာရဲ့ စာတွေ ဆရာ့ ရဲ့ ဆိုရှယ်လစ်စီးပွါးရေး သဘောတရားတွေကို ကျောင်း သားတွေ လေ့လာမှတ်သားခဲ့ကြရပါတယ်။

ဆရာသည် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုလ်ကော်မတီတဦး ဖြစ်ခဲ့ဘူးတယ်လို့ လည်းသိခဲ့ရပါတယ်၊ ဗ.က.ပ ရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ သဘောထားကွဲလွဲလို့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ အမြင်မကြည်လင်လို့လား ဆိုတာတော့ မသိပါ။ ဗ.က.ပ က ထွက်ပြီး မ.ဆ.လ ကို ကူးပြောင်း လိုက်တာကိုတော့ သိပါတယ်၊ ဒါကြောင့် ဗ.က.ပ ၊ မ.ဆ.လ တို့နဲ့ ပါတ်သတ်ပြီး သဘောတရားရော လက်တွေ့ပါ ကျွမ်းကျင်နေပြီဖြစ်တဲ့ ဝါရင့် ဆရာ ကြီး ဖြစ်လို့လည်း လေးစားမိပါ တယ်။



ဒီဘက်ခေတ်ရောက်တော့လည်း ဆရာသည် နိုင်ငံရေးကို အစွဲအလမ်းကြီးတဲ့ နိုင်ငံရေး သမားကြီးတယောက်ဖြစ်နေသလား တော့ မပြောတက်ပါ၊ အင်အယ်ဒီမှာ လူကြီးတယောက် ဖြစ်နေ တာကိုလည်း တွေ့ရပြန်ပါတယ်၊ အခု ဆရာသည် အင်အယ်ဒီနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိမရှိဆို တာ မသိပါ၊ န.အ.ဖ စစ်အစိုးရလက်ထက်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ် တွေ ထဲမှာတော့ ဆရာ့စာတွေကို ဆက်လက်ပြီးတွေ့နေရပြန်ပါပြီ၊ ကမ္ဘာ့စီးပွါးရေး ပြောင်းလဲဖြစ်ပေါ်မှု့ တွေနဲ့ ပါတ်သက်ပြီး အတွေးအခေါ်ရှု့ဒေါင့်၊ ဘောဂဗေဒရှု့ဒေါင့်တို့မှ ဆရာ့ရေးသားတင်ပြချက် တွေကိုလည်း ယနေ့ အထိ ကျနော်တို့ တန်ဖိုးထား လေ့လာနေရတုံးပါ၊ ဆရာ့ကို ဆိုရှယ်လစ် စီးပွါးရေး ဘောဂဗေဒပညာရှင်ကြီးတဦး အနေနဲ့ လေးစားလျှက်ပါ၊ ဒါပေမယ့် ကျနော့်လို သာမန်စာ ဖတ်တတ်သူတဦးအနေနဲ့ ဆရာ့စာရေးပုံရေးနည်းတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့၊ မြန်မာမှု့ပြု ထားတဲ့ ဝေါဟာရတွေက ခက် လွန်း နက်လွန်းလို့ နားမလည်တာတွေများတဲ့ အတွက် ကိုယ့်ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ်တင်မိနေပါ တော့ တယ်၊ ဆရာသည် မြန်မာစာရေးတဲ့ နေရာမှာ ဆရာတော် သျှင်ဥက္ကဌ ကဲ့သို့ပင် ပညာရှင်ပီပီသသ နက်ရှိုင်းစွာရေးနှိုင်တဲ့အတွက် လေးစားရပါသေးတယ်၊ နားမလည်တာကတော့ စာဖတ်သူတွေရဲ့ ညံ့ဖျင်းမှုပါပဲ။

ဆရာရဲ့ နိုင်ငံရေးသမားခံယူမှု့ မခံယူမှု့နဲ့ ပါတ်သတ်ပြီး ဆရာ့စာကိုလည်း ဖတ်မိဘူးပါတယ်၊ဒါက ဆရာ့အပိုင်းပါ၊ သို့သော် ဆရာ ရေးတဲ့ ဒီမိုကရေစီ သည် အထက်ကလာမည် ဆိုတာမျိုး၊ ရွေးကောက်ပွဲနှင့် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတွေ ကိုဖတ်ရပြန်တော့လည်း ဆရာ သည် နိုင်ငံ ရေးနယ်ထဲမှ နိမိတ်ပုံဆောင် ဆရာကြီးတဦးဖြစ်နေပါသေးလားလို့ နားလည်မိပြန်ပါ တယ်။ ဒီမိုကရေစီသည် အထက်ကပဲလာမည်လို့ ဆရာရေး တုံးက လည်း ကျနော်က ဒီမိုကရေစီ သည် ဒီမိုကရေစီရှိတဲ့ နေရာ ကပဲလာနှိုင်တယ်လို့ ပြန်ပြီးရေးခဲ့ဘူးပါတယ်။ အခုလည်း ရွေးကောက် ပွဲနှင့် မဟာဗျူဟာ မြောက်ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတမ်း ကို ဖတ်ရပြန်ပါပြီ၊ အဲဒီ့အထဲက နိုင်ငံရေးနှင့် ဒီပလိုမေစီ ”ခေါင်းတွဲနှင့်နောက်တွဲ” ဆိုတာတွေကို ကြိုက်ပါတယ်၊ ဘဝင်မကျတာ က ”မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ၊ ပေါ် မည့် မြန်မာ့ နိုင်ငံရေး ပုံသဏ္ဍန်သည် (လမ်းညွန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍဖြစ် တည် လာ မည်” ဆိုသည့် ဆရာ့ဟောကိန်းဖြစ်ပါတယ်။

ဆရာမောင်စူးစမ်းက မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီလို့ဆိုလိုက် တော့ ကျနော်လည်း ဘယ်လိုနားလည် ရမှန်းမသိတော့ပါဘူး။ ကမ္ဘာကြီးမှာ မည်သည့် လူ့အဖွဲ့အစည်းမှာ မဆို အိုင်ဒီအိုလိုဂျီကဏ္ဍ ကုန်ဆုံးတယ်လို့ ရှိဘူးပါသလား၊ ဆရာပြောသလိုဆိုရင် ဗမာပြည်မှာတွေးခေါ်ပညာရှင်တွေ မပေါ် ပေါက်နှိုင်တော့ဘူးလား၊ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေး အတွက် တွေးခေါ်မျှော်မြင်စဉ်း စားဖို့ မလိုအပ်တော့ဘူးလား၊ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ခွင့်နဲ့ လွတ်လပ်စွာ ဖေါ်ထုတ် ခွင့်ဆိုတာ မရှိရတော့ဘူးလား၊ ကမ္ဘာ့ဒဿန ပညာသမိုင်းမှာ ဆော့ခရစ်တီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဟေဂယ် တို့မှအစ ဒါဝင်၊ ဖေါရီးယား၊ စိန့်ဆိုင် မွန်၊ ကား(လ်)မာ့က်(စ်)၊ နစ်ရှေးတို့အပါအဝင် ယ္ခုခေတ်အော်စကာ အီကာစိုတို့အထိ လွတ်လပ်စွာ ပေါ်ထွန်း လာခဲ့ကြတဲ့ အိုင်ဒီ လို ဂျစ်ကြီး တွေပင် မဟုတ်ပါလား၊ ဆရာ့အပြောအရဆိုရင် အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီကဏ္ဍသည် န.အ.ဖ က စိတ်တိုင်းကျရွေးကောက်ပွဲမှ ဖြစ်ပေါ်လာ မည့် (တပ်မတော်နှင့် လွှတ်တော်)ကသာ ပေါ်ပေါက်လာရမည်၊ အခြားမည်သည့် နေရာကမှ ဖြစ်ထွန်းခွင့် မရှိလို့ဖြစ် နေပါရော့လား၊ ဆရာက ဦးနှောက် မဲ့ မြန်မာ့လူ့အဖွဲ့အစည်း အဖြစ်ပုံဖေါ်ချင် ဟန် ရှိနေ ပါပေါ့လား။

မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သမိုင်းကဏ္ဍလည်းကုန်ဆုံးပြီလို့ ဆရာကဆိုပြန်ပါတယ်၊ ဘယ်သမိုင်းကဏ္ဍကို ဆရာကဆို လို တာလဲ၊ ကွန်မြူနစ်သမိုင်း နိဂုံးချုပ်ချိန်ဆိုတာ နဲ့တော့ ရောပြီး မပြောသင့်ပါဘူး၊ လူ့သမိုင်းကဏ္ဍဆိုတာ လူတွေနဲ့မကိုက်ညီ တော့လို့ ချုပ်ဆုံးမှု့တွေရှိကြပေမယ့် လူတွေနဲ့ ကိုက် ညီမယ့် သမိုင်းကဏ္ဍသစ်တွေက ပေါ်လာရစမြဲပါ၊ အဟောင်းအဟောင်း တွေကို ပြုပြင်ရင်း အသစ်အသစ်တွေကို ဖန်တီးနေကြတဲ့ ဖြစ်စဉ်သည်ပင်လျှင် သမိုင်းမဟုတ်ပါလား။ မြန်မာနိုင်ငံမှာလည်း မြန်မာ့လူအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် သမိုင်းကိုမြန်မာတွေ ဖန်တီးနေကြမှာပါ၊ စစ်တပ်ကဦးစီးထားတဲ့ လွှတ်တော်ကသာ မြန်မာ့သမိုင်းကို ဖန်တီးခွင့်ရှိတယ် လို့တော့ မြန်မာ့ သမိုင်းကို စစ်တပ်ထံ ”ဝ” ကွက်မအပ်သင့်ပါဘူး။

နောက်တချက်က မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍလည်း ကုန်ဆုံးသွားပြီလား၊ခေတ်ဟောင်းက အယူအဆအတိုင်း နိုင်သူက သမိုင်းဝင်၊ရှုံးသူက သမိုင်း ကျဉ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လူ့သမိုင်းမှာရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လူသားအကျိုး အတွက် အမှန်တရားဘက်မှ ရပ်တန့် ခဲ့သူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမည် မဟုတ်ပါဘူး၊ တို့တောင်းတဲ့ ကာလလေး တခုကို ကြည့်ပြီး မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍသည် ကုန် ဆုံးသွားပြီ ဆိုတဲ့ ကောက်ချက် ကတော့ ရိုင်းလွန်း တယ်လို့ ထင်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီ ခေါင်းဆောင်ကြီးများရဲ့ ကဏ္ဍသည် အကြောင်းမမည် အရာမ ရောက် ဘဲ ရပ်တန်းက ရပ်သွားပြီ၊ စစ်တပ်က ဖန်တီးမယ့် လမ်းစဉ်အတိုင်းလိုက်ဖို့သာ ဖြစ်တော့သည်လို့ ဆရာက မှတ်ချက်ချ လိုက်တာပဲ၊ ခေါင်းဆောင် ဆိုတာ လည်း လူတွေပါပဲ၊ လူတွေ့သည် ကိုယ့်သမိုင်းကို ကိုယ်ရေး နေကြတာပါ၊ အတွေးအခေါ်၊ အယူ အဆ၊ လမ်းစဉ်တွေ နဲ့ အတူ သမိုင်းမှတ်ချက်တွေ အပေးခံ နေကြရတာပါ။ အခန်းကဏ္ဍသည် ပြီးဆုံးသွားသည်ဟု မရှိ ခဲ့ပါဘူး။

ဆရာမောင်စူးစမ်းသည်ပင်လျှင် ဗ.က.ပ ဗဟိုလ်ကော်မီတီအခန်းကဏ္ဍမှ မ.ဆ.လ ပါတီကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ခဲ့တယ်၊ ပြီးတော့ အင်အယ်ဒီ ဗဟိုလ်မှာ ဆရာ့ကိုတွေ့ရပြန်တယ်၊ ဟောအခု န.အ.ဖ ခေတ် စာရေးဆရာကြီး ဖြစ်နေပြန်ပါတယ်၊ ဆရာ့ကဏ္ဍတွေက အပြောင်းအလဲ တွေပဲမဟုတ် ပါလား ပြီးဆုံးသွားးခြင်း၊ ကုန်ဆုံးသွားခြင်းမျိုးတော့ ဆရာ မသေမခြင်း မဖြစ်တန်ရာပါ ဘူး၊ ထို့နည်းအတူပဲပေါ့ မဟာခေါင်းဆောင်ကြီးတွေရဲ့ ကဏ္ဍ သည် သူတို့လှုပ်ရှားနေသ၍ ပြီးဆုံး မသွားပါဘူး။
ပေါ်မည့်မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန်သည် (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍဖြစ်တည်လာ မည်လို့ ဆရာကဟောကိန်း ထုတ်လိုက်တယ်၊ ဒါတွေကတော့ ဆရာပြောမှချည်းမဟုတ်ပါဘူး၊

အရပ်ထဲမှာလည်းပြောနေကြတာပါပဲ၊ ပြည်တွင်းရောပြည်ပမှာပါ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု့တွေက န.အ.ဖ ကိုထိထိရောက် ရောက် မသက်ရောက်ခဲ့သေးဘူး ဆိုတာ လူတိုင်းသိနေကြတာပါပဲ၊ ၉၀ ခုနှစ်က တရားဝင်ရွေးကောက်ပွဲ (ကမ္ဘာကလည်း အသိ အမှတ်ပြု) မှာ တရားဝင်အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီကို အာဏာမလွှဲ၊ အသိမအမှတ်တောင် မပြုပဲ နှိပ်ကွတ်နေခဲ့တာ ဘယ် သူ က ဘာများတက်နှိုင်ကြလို့လဲ၊ ပြည်တွင်းကလည်း မတက်နှိုင် ပြည်ပကလည်း မကူညီနဲ့ ရေစုံမျောခဲ့ရတဲ့အခြေအနေကို အတိုက်အခံတွေဘက်က လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ န.အ.ဖ ကခင်းတဲ့လမ်းကို လျှောက်ဖို့မှ အပ အခြားမရှိဘူးဆိုတဲ့ အဖြေကို ဆိုက်နေပြီဆိုတာကတော့ လူတိုင်း တွေ့မြင်နေရတဲ့ အချက်ပါ၊ ဆရာကဟောကိန်းထုတ်မှ မဟုတ်ပါ ဘူး။ မြန်မာ့အခြေအနေသည် အင်ဒိုနီးရှားတို့လို ထိုင်းတို့လို စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ တဖြည်းဖြည်းပြောင်း သွားအောင် ပင် မနည်းလုပ်ယူကြရအုံးမှာပါ။

မြန်မာ့အရေးနဲ့ အမြဲလိုလိုပတ်သက်နေသည့် အမေရိကန်ပင်လျှင် နှစ်ပေါင်းနှစ်ဆယ် လောက် ဆက်စပ်ခဲ့အပြီးမှာ စစ်အစိုးရ ကိုပဲ ပြန်လည်အာရုံကျ လာတယ်ဆိုတာ သိသာပါတယ်၊ စစ်အေးတိုက်ပွဲက ကမ္ဘာမှာပြီးသွားတယ်ဆိုပေမယ့် မြန်မာပြည်မှာက မပြီးသေးပါ၊ ဘယ်တော့မှ ပြီးမလဲဆိုတာလည်း မသိနှိုင်သေးပါ၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ သူနဲ့ အကျိုးတူ ရပ်တည်မယ့် အစိုးရမျိုးဖြစ်စေချင်မှာပဲ ဆိုတာလည်း ထည့်တွက်ကြရမှာပါ၊ အကျိုးဆက်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လျှောလျှောလျူလျူ ဖြစ်သွား နှိုင်ပါတယ်၊ ဆရာပြောတဲ့ စစ်အစိုးရဦးစီး တဲ့ လွှတ်တော်သည်လည်း ရုပ်ပြောင်းပွိုင့်တခုဖြစ်မယ် ဆိုတာ သေချာသလောက်ရှိနေပါတယ်။

သို့သော် ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာအောင် တွေးခေါ်မှု့သဘောတရားတွေက ဦးဆောင်နေခဲ့ပါတယ်၊ အဲဒီအတွေး အခေါ်တွေသည် အမြဲ ထာ ဝရ တရားသေကျ မနေနှိုင်ပါဘူး၊ အတွေးအခေါ်အသစ်တွေ ရှိနေကြပြီ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက် လာကြဦးမည်ဆိုတာ ဓမ္မတာပါ၊ ဆရာပြောသလို အိုင်ဒီအိုလိုဂျီသည် ဘယ်တော့မှမပြီးဆုံးပါ။ မျိုးဆက်သစ်တို့ရဲ့ အိုင်ဒီအိုလိုဂျီ လမ်းသစ် တွေကို ဖေါက်ကြဖို့ တိုက်တွန်းသင့်ပါတယ်၊ လမ်းညွှန်သင့်ပါတယ်၊ ဖြစ်တည်မှု့ရေစီး ကြောင်း အတိုင်း စုန်လိုက်ခိုင်း ပြီး ရေမနစ်အောင် ရေကူးနေကြဖို့ ပြောနိုင်တာလောက်တော့ လူတိုင်းပေါ့လို့ ပြောကြားရင်း။…။

ကျေးဇူးတင်ပါတယ် ဆရာမောင်စူးစမ်းခင်ဗျား။…။
ဦးဖိုးသာအောင်--၂၃၊ ၁၁၊ ၀၉။

Tuesday, November 24, 2009

ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲ ဂျပန်တွင်ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(၂၉-၄-၂၀၀၉)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော ရွှေဂုံတိုင် ကြေငြာစာတမ်းအား အကောင်အထည်ပေါ်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်း နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးကို ၂၃-၁၁-၂၀၀၉ ရက်နေ့တွင် Rengo အဆောက်အဦး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက်လှုပ်ရှားဆောင်ရွက်နေသော မြန်မာနိုင်ငံသားအဖွဲ့အစည်းများ ဂျပန်အဖွဲ့ အစည်းများနှင့် ပူးပေါင်းကျင်းပပြုလုပ်ခဲ့ရာလူပေါင်း ၄၅၀ကျော်တက်ရောက်ခဲ့ပါသည်။


အလုပ်သမားရေးရာဝန်ကြီး ခွန်မြင့်ထွန်းနှင့် တွေ့ ဆုံပွဲ

NCGUB ၏ အလုပ်သမားရေးရာဝန်ကြီး ခွန်မြင့်ထွန်းနှင့် မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်(ဂျပန်ပြည်)တို့ တွေ့ ဆုံပွဲကို ၂၀၀၉ နိုဝင်ဘာ ၂၂ ရက်နေ့ က ဂျပန်နိုင်ငံ တိုကျိုမြို့  တာကာဒါနိုဘာဘာ အရပ်ရှိ ရီဆိုင်ကယ်စင်တာတွင် နေ့ လည် ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ပါသည်။

Monday, November 16, 2009

ရာစုသစ်ဆန္ဒ

(ငယ်နုစဉ်တုန်းကအတွေးလေးတွေပါ။ မျှဝေခံစားကြည့်ကြဖို့ ပါ)

ညီမလေးသိရဲ့ လား
ပျော်ရွှင်ဖွယ်ရာညနေခင်းကို
ကိုယ့်လွယ်အိတ်ထဲကထုတ်ခင်းလို့
ကိုယ်ကိုယ်တိုင်ကတော့
အပျော်တွေပျောက်ဆုံးလို့ပေါ့။

ညီမလေးသိရဲ့လား
အတိတ်ရဲ့ ထိုးနှက်ချက်တွေက
ပစ္စုပ္ပန်မှာ ဒဏ်ရာများစွာ
အနာဂတ်မှာတော့
ဖျက်မရတဲ့အမာရွတ်တွေနဲ့
ကွဲအက်ကြေမွ တစ်ဘ၀စာ

ညီမလေး သိရဲ့ လား
ကိုယ့်ရဲ့ ညတွေကမဲမှောင်
ကိုယ့်ရဲ့ မနက်ခင်းအလင်းရောင်ကပျောက်ဆုံး
ဘ၀တစ်လျောက်လုံးမှာ
ကောက်စရာပန်းတွေကလဲခြောက်
သောက်စရာစမ်းရေကလည်းနောက်
လျှောက်စရာလမ်းတွေကလဲပျောက်နဲ့ပေါ့။

ညီမလေးသိရဲ့ လား
ကိုယ့်ရဲ့ ကောင်းကင် လရောင်ပြင်မှာ
အပူစတွေကူမျှဝေသူ
လမ်းပြကြယ်လေး ညီမလေးပဲလေ။

ညီမလေးသိရဲ့ လား
နှစ်ဆယ်တစ်-ရာစုနှစ်သစ်ကို
အချစ်များစွာနဲ့ကြိုဆို ကိုယ့်တို့အချစ်
သစ်ပြီးရင်းသစ်၊ ချစ်ပြီးရင်း ချစ်ကြမယ်။

၂၀၀၁ ၊ ဇန်န၀ါရီ



“အသဲကွဲတိုးရစ်(စ်)ကြီး”

(လွန်ခဲ့တဲ့ ၈နှစ်လောက်က သူငယ်ချင်းတယောက်ရဲ့  အဖြစ်အပျက်လေးကို ခံစား
ရေးဖွဲ့ ထားတဲ့ ကဗျာလေး ပြန်တွေ့ လို့  မျှဝေလိုက်တယ်)


ဘ၀အမောတွေကို တင်ဆောင်
သံသရာရထားကြီး ခေါ်ဆောင်ရာလိုက်
အချစ်အတွက်နဲ့ အလူးအလဲထိခိုက်ခဲ့သူ
ငါ ... အသဲကွဲတိုးရစ်(စ်)ကြီးပါ ။

အမုန်းတော့မပါ
အရှုံးတွေနဲ့ဘ၀ဟာ
ကြေမွနေတဲ့အသဲနဲ့
ရင်ဘတ်ကြီး ဟင်းလင်းဗလာ
ဒဏ်ရာဝေဒနာ များလာတဲ့အခါ
သူရာရည်နဲ့
သောကတွေကို ဆေးကြောချနေရသူ
ငါ ... အသဲကွဲတိုးရစ်(စ်)ကြီးပါ ။

ဘယ်သောအခါမှ
ပြန်မဆုံနိုင်တော့ပါဘူး
အချစ်ဆုံးပေးခဲ့တဲ့ ဆူး
နှလုံးသားမှာစူး
ဘ၀တခုလုံးပေါက်အောင်စူးပေမယ့်
မမုန်းရက်ဘူး ချစ်ဉီးသူရေ
ရူးရူးမိုက်မိုက် ချစ်နေခဲ့သူ
ငါ ... အသဲကွဲတိုးရစ်(စ်)ကြီးပါ ။

ဝေးသွားတဲ့အခါ မေ့များသွားမလား
ဒဏ်ရာရနှလုံးသားက
တရံမလပ်သတိရမြဲ တမ်းတဆဲပါ
တေလေငှက်တကောင်လို
သမုဒ္ဒရာကိုအိမ်လုပ်
အလွမ်းတထုပ်နဲ့ ရွက်လွှင့်ထွက်ပြေး
(တဘ၀စာ)
မိုးမဆုံးမြေမဆုံး
အချစ်ဉီးနဲ့အဝေးဆုံး
ကမ္ဘာမြေအနှံ့ ပြေးပုန်းနေခဲ့ရသူ
ငါ ... အသဲကွဲတိုးရစ်(စ်)ကြီးပါ ။

အချစ်ဉီးရေ
အခုများတော့
အနာဂတ်ရဲ့ မျှော်လင့်ချက်ဟူသမျှ
ဘ၀နဲ့ရောနှောမျှောပြစ်
သောကစစ်စစ်တွေနဲ့
အလွမ်းနွံနစ်နေမြဲသူ
လွမ်းကျန်ရစ်နေခဲ့သူ
ငါ ... အသဲကွဲတိုးရစ်(စ်)ကြီးပါ ။

မောင်လွမ်းမှိုင်း
၂၀၀၁ ၊ မေ
( တောက်လောင်နေတဲ့ရင်တစုံသို့)

Thursday, November 12, 2009

ခေတ်တခေတ်ကို ထုဆစ်သူများ

ဟောဒီ .. ဘဒ္ဒကမ္ဘာ မှာ
အပြောင်းအလဲတွေက မြန်ဆန်လွန်းတယ်
တဖက်သတ်ရေးစွဲခဲ့တဲ့ အခြေခံဥပဒေထဲက
အခွင့်အရေးကို ချောင်းနေတဲ့
သတ္တ၀ါတို့ ရဲ့ စိတ်အပြောင်းအလဲက
ပိုမြန်လွန်းတယ်
ပိုပြီးရွံစရာကောင်းတယ်…..။

တောမီးလောင်တာ
ကြာခဲ့ပါပြီ
တောကြောင်တွေမှာတော့
မြင်မြင်သမျှ ဖျက်ဆီးဖို့ 
ယောက်ယက်ခတ်နေပုံများ
အသိခေါက်ခက် အ၀င်နက်နေရှာတဲ့
သူတို့ ကို
ဖျက်ဆီးမယ့် ဘေးဟာ
နှစ်ထောင့်တဆယ်နဲ့ အတူရောက်လာမယ်ဆိုတာ
မသိရှာကြဘူး …..။

ကမ ၻာလံုးဆိုင္ရာ
ပြုပြင်ပြောင်းလဲမှုတွေထဲ
မျောပါမနေချင်
ငါ တို့  ရဲ့ လိုအင်ဆန္ဒ
ငါတို့  တိုင်းပြည် စစ်ကျွန်ဘ၀က
လွတ်မြောက်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ …..။

သေခြင်းတရားရဲ့ 
အငွေ့ အသက်တွေလွှမ်းခြုံနေတဲ့
အခန်းငယ်တွေထဲက
ငါတို့ ရဲ့ သူရဲကောင်းများ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ် …..။
တပ်ဦးက ငါတို့ ရဲ့  သူရဲကောင်း ရဲဘော်များ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ်။

တော်လှန်ရေး တရပ်ရဲ့ 
စုတ်ချက်ကြမ်းကြမ်းထဲမှာ
ကမ္ဘာမကြေတဲ့ တမ်းချင်းတွေနဲ့ 
ကမ္ဘာမကြေတဲ့ လွမ်းချင်းတွေနဲ့ 
ခေတ်တခေတ်ကို ထုဆစ်နေဦးမယ့်သူတွေဟာ
ငါတို့ ချစ်တဲ့ ပြည်သူတွေသာဖြစ်တယ် ……။

ရဲရင့်သက်ဇွဲ
၂၀၀၉ - ၁၁ - ၁၁

Saturday, November 07, 2009

စစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ သိန်းစိန်အား တောချောက်ပွဲ ( လွှတ်တော်ရှေ့ - တိုကျို)

My Photos>စစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ သိန်းစိန်အား တောချောက်ပွဲ ( လွှတ်တော်ရှေ့ - တိုကျို)



“Mekong-Japan Exchange Year of 2009” for the exchange between Japan and the Mekong Region countries including Burma to promote political dialogues, economic events, cultural exchanges, promotion of tourism, youth exchanges, etc. ဖေါ်ပြပါအစီအစဉ်အတိုင်း ပြုလုပ်သညါ့အစည်းအဝေသို့  တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော စစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ သိန်းစိန် တက်ရောက်သော အစည်းအဝေးရှိရာ လွှတ်တော်ရှေ့ တွင်ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ဆန္ဒပြနေစဉ်။

Friday, November 06, 2009

စစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ သိန်းစိန်အား တောချောက်ပွဲ (တိုကျို)

မြို့ ပြဝေဒနာ

ကမ္ဘာဦးရဲ့  နေ့ လိုပဲ
အရိုင်းဆန် အရိုးခံ ဖွဲ့ တေးသီ
ဝေးကွာမှုရဲ့  အတွင်းဆီမှာ
တယောက်ရဲ့ ဒဏ်ရာ
အပြစ်အနာအဆာများကို
တယောက်က
ချစ်ခြင်းနဲ့  လွှမ်းခြုံ
ဒီကမ္ဘာမှာ လုံခြုံမယ်ထင်ခဲ့ကြ ………။

တယ်လီဖုန်းခွက်ထဲက
လျှံထွက်လာတဲ့ အသံဟာ
ဗုံးတလုံးလို ၀ုန်းကနဲပေါက်ကွဲ
စိမ်းကားသော မီးတောက်မီးလျှံများကြားထဲ
စိမ်းလန်းသောစကားများ လောင်ကျွမ်းပျက်သုဉ်း
ကြေကွဲခြင်းရာသီတွေရဲ့ အခင်းအကျင်းအဆုံးမှာ
တမ်းတခြင်းက အာသာငမ်းငမ်း ……။

အတိတ် ပစ္စုပ္ပန် အနာဂတ်
ဘယ်အရပ်မှာ ငါရပ်ရမလဲ
ကာလယန္တရားကြီးရဲ့  ၀ါးမြိုမှုထဲ
ဘ၀က တစ … တစ
ကျိုးပဲ့ ကြေမွ
ကံဇာတ်ဆရာ အလိုကျတော့မဟုတ်ခဲ့ဘူး …..။
တရွေ့ ရွေ့ ဆုတ်ခွါသွားတဲ့
နွေနှောင်းရက်များရဲ့  နေရာမှာ
ဆောင်းမျှော်ရက်များ အစားထိုးဝင်လာကြပြီ
မြို့ပြရဲ့ ဆောင်းခိုငှက်တွေမှာတော့
အသိုက်အမြုံကို စွန့် ခွာခဲ့ကြပေါ့ …..။

ရဲရင့်သက်ဇွဲ
နိုဝင်ဘာ၊ ၃ ၊ ၂၀၀၉



ဟေမန္တနဲ့  အင်တာဗျူး

ဟေမန္တနဲ့  အင်တာဗျူး

နှင်းလို့  ခံစားရင်း
အေးစိမ့်ပုံဆောင်ခြင်းကို
ဆောင်းလို
ကိုယ့်ကိုကိုယ် သိုးမွှေးထိုးနေမိ
အသိနဲ့  နွေးးထွေးမှုက
ဘ၀ကို ယက်လုပ်မှာ။

နှစ်နံစပ် နယ်ဖြတ်သွေးကြောက
နယ်နိမိတ်တောလား
သဘောထား ပြတ်သားရှင်းလင်း
ထင်းခွေမကြုံ ရေခပ်ဆုံချင်။


ဟိုနွေမှာ အမေသေခဲ့
ဟိုမိုးမှာ အဖေ လေဖြတ်ခဲ့
ဟိုဆောင်းမှာ မင်းအဖေ ခြေကျိုးခဲ့
သုံးရာသီထဲမှာ ရဲဘော်တွေလေ
နေကွယ်ကုန်းကိုပဲ ဆဲရေးတိုင်းထွာ
ကဗျာမဆန်တဲ့ သံလွင်ပန်းချီလမ်း
ထိန်လင်းများ ထွင်းဖောက်မလား ငံ့မျှော်။

အဖေ
အိပ်တော့လေ
ဆေးသောက်ပြီးပလား
အဖေ့ကို သား စောင့်နေတာ
နာရီလည်း ကြည့်။

စောင့်ရခြင်းကို ကဗျာလို ဘာသာစကား
ခါးသီးရသ ဘ၀လား
အိမ်သူတောင် စောင်ထူထူခြုံ
အိပ်မက်ကို လုံအောင်ဖုန်းနေရှာ။ ။

မောင်လွမ်းဏီ
၆-၁၁-၀၉