Fashion Era

Wednesday, July 29, 2009

သံခဲတို့ အဖေ

သံခဲတို့ အဖေ



သံခဲတို့၊ သံဒုတ်တို့ နာမည်တွေကို ဖတ်ရ၊ ကြားရ တိုင်း သူတို့အဖေ ကိုစိုးဝင်းမောင်ကို သတိရမိတယ်။ “ဩော်--- သံခဲတို့အဖေ ကံနည်းလို့ သေရှာခဲ့ပါကော -- ” လို့လည်း စိတ်ထဲမှာ မြည်ကြွေးမိပါတယ်။ ထိုင်း-ဗမာ နယ်စပ် က သူပုန် လေးတွေနဲ့ ဖြစ်ကြတဲ့ သံခဲတို့ သံဒုတ်တို့ကို သွား ရောက်နှုတ် ဆက် အားပေးချင်တယ်ဆိုတာ စိတ်ထဲကပဲ ရှိပြီး သူတို့ဆီကို သွားမယ် သွားမယ်နဲ့ ကြံရွယ်နေခဲ့တာ ၅ နှစ်ကျော် ကြာခဲ့ ပါ ပြီ။ ကျနော် အမေရိကန်ပြည်ထောင်စုကို ရောက်ပြီး သူတို့ တတွေ နယ်စပ်မှာ ရှိနေကြတယ်လို့ ကြားကတည်း ကပါပဲ။
သံခဲကိုတော့ သူက ခရီးယာယီများသူမို့ ပြည်ပရောက် လေရာမှာ တွေ့ရတတ်ပါရဲ့။ သံဒုတ်ကိုတော့ ထိုင်းဗမာ နယ်စပ် မှာမို့ မသွားဖြစ် မတွေ့ဖြစ် ရသေးပါဘူး။ သူတို့ အဖေရဲ့ ဈာပန မှတ်တမ်းတိတ်ခွေကိုတော့ သူလူကြုံနဲ့ ပို့လိုက်လို့ ကြည့်ရ ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဒီဇင်ဘာ ၁၇၊ အသက်၆၄ နှစ်အရွယ် မှာ ကွယ်လွန်တယ်တဲ့။ သူနဲ့ကျနော်နဲ့က သက်သူရွယ်တူ တွေ ပါ။ မန္တလေးတက္ကသိုလ်မှာ ကျောင်းနေဖက် တွေပါ။ ရဲဘော်ရဲ ဘက်ပါ။

မန်းတက္ကသိုလ်ကို သူနဲ့ကျနော်တနှစ်တည်းပဲ ရောက် ကြတယ်လို့ ထင်ပါတယ်။ သူရုပ်က တခါမြင်ရင် မေ့မရနိုင်တဲ့ ရုပ်မျိုးပါ။ မျက်လုံးပြူးတာက အထူးထင်ရှားပါတယ်။ မျက်လုံးက ပြူးပြီး စူးရှတောက်ပြောင်တယ်။ နဖူးကျယ်တယ်။ မျက်နှာပုံက ၀ိုင်းဝိုင်းလုံးလုံးပါပဲ။ သံခဲနဲ့ကတော့ မျက်လုံးပဲ နည်းနည်း တူတယ် ထင်ပါတယ်။ အညာသား ပီပီ အသားက တော့ ညိုပါတယ်။
ကိုစိုးဝင်းမောင်က ကျောက်ဆည်ကလာပြီး ကျောင်း တက်တာနဲ့ သူ့ကို ကျောက်ဆည်သားလို့ တချို့က ထင်ကြပေ မဲ့ မဟုတ်ပါ။ သူက ဘုတလင် ဇာတိပါ။ ဥိးသိန်းဖေမြင့်နဲ့ ဖွားရာဇာတိ အတူတူပါပဲ။ ကချေသည် 'ကဗျာ' စာအုပ်နဲ့ အမျိုးသားစာပေဆုရတဲ့ ဘုတလင်ချစ်လေးနဲ့လဲ ဇာတိအတူတူ ပါပဲ။ ဘုတလင် ချစ်လေးကလဲ ဘုတလင်မှာ နေ အခြေချနေ ထိုင်တာမဟုတ်ဘဲ မုံရွာမှာပဲ ကျောင်းဆရာလုပ်နေသူပါ။ ခုတော့ ဘုတလင်သား၊ မန်းတက္ကသိုလ်ကျောင်းသားဟောင်း သုံးဦးလုံး ကွယ်လွန်ခဲ့ကြရှာပါပြီ။
ဘုတလင်သားတွေ၊ ကျနော်သိဖူးသမျှကတော့ စာပေ သမားတွေချည်း ဖြစ်ကြပါတယ်။ ဘုတလင်သား ဦးသိန်း ဖေမြင့်ရဲ့ အရှိန်အ၀ါကြောင့် ပညာတတ်လာရင် စာရေးကြည့် ကြတာ များပါတယ်။ တက္ကသိုလ်ရောက်လာကြရင်လဲ ဦးသိန်းဖေမြင့်လိုပဲ လက်ဝဲသမားတွေ ဖြစ်လာကြလေ့ ရှိပါတယ်။ အနုအရင့်ပဲ ကွာပါတယ်။ တက္ကသိုလ်မှာတော့ ‘တိုးတက် ကျောင်းသား 'တပ်ဦး' ကျောင်းသား တွေလို့ အသိ များကြပါတယ်။
ကျနော်တို့ တက္ကသိုလ်ရောက်ချိန်က တက္ကသိုလ်တွေ မှာ တပ်ဦးနဲ့ ဒီအက်စ်အို ဆိုပြီး အဓိက ကျောင်းသားအဖွဲ့ကြီး နှစ်ဖွဲ့ အားပြိုင်နေပါတယ်။ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း က တာဝန်ယူ ကျင်းပပေးရပါတယ်။ ရွေးကောက်ပွဲကြီးကြပ်တဲ့ အဖွဲ့မှာတော့ ပါမောက္ခတွေ ချည်းပါပဲ။ ရွေးကောက်ပွဲတိုင်းမှာ တပ်ဦးအဖွဲ့ကပဲ နိုင်မြဲဖြစ်ပါတယ်။ တပ်ဦး ကျောင်းသားတွေကို ကွန်မြူနစ် ဩဇာခံတဲ့။ ဒီအက်စ်အိုအဖွဲ့ကို ဖဆ-ဆိုရှယ်က ဖွဲ့ပေးတဲ့ အဖွဲ့တဲ့။ အဲသလို အပြန်အလှန်ပြောလေ့ရှိပါတယ်။ ကိုစိုးဝင်းမောင်က တပ်ဦးခေါင်းဆောင်ပါ။
မန်းတက္ကသိုလ်ကလောင်ရှင်အသင်း ၁၉၆၀-၆၁ ခုနှစ် အမှုဆောင်အဖွဲ့မှ ကိုစိုးဝင်းမောင်လဲ ပါဝင်ပါတယ်။ သူ့ရဲ့ ကလောင်အမည်က ဘုတလင်ရွှေစိုးတဲ့။ ကလောင်ရှင်အသင်း မှာ သူက ဒုတိယဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌက ၀င်ြးွကယ်တဲ့။ အတွင်းရေး မှူးက မောင်စွမ်းရည်ပါ။ ကိုစိုးဝင်းက တိုက်ပုံ အင်္ကျီအမြဲ ၀တ် လေ့ရှိပါတယ်။ အများနဲ့လမ်းမှာဆုံလို့ စကားပြောရင် လက်နှစ် ဖက်နောက်ပစ်ပြီးတော့ ဖြစ်စေ၊ လက်ပိုက်ပြီးတော့ ဖြစ်စေ၊ စကားပြောလေ့ရှိပါတယ်။ စကားပြောရင်လဲ လေးလေးနက် နက်၊ ဖြည်းဖြည်းအေးအေး ပြောလေ့ရှိပါတယ်။ ကျနော်တို့ စကားပြောရင်လဲ သူက အလေးအနက် နားထောင်လေ့ရှိ ပါတယ်။ ဘလွတ် ရွှတ်တောက် ပြောလေ့မရှိပါဘူး။ ပီတိ ကျောင်းဆရာပုံစံပါပဲ။ သူ့သားတွေက ဘုတလင်ရွှေစိုးကို မသိ ပါဘူးတဲ့။
ကိုစိုးဝင်းမောင်က တကယ်လဲ တသက်လုံးကျောင်း ဆရာ လုပ်သွားသူပါ။ ကျောင်းသားဘ၀ကတည်းက ကျောက် ဆည်က အလွတ်ပညာသင်ကျောင်းတကျောင်းမှာ စာပြနေသူ ဖြစ်ပါတယ်။ သူပြတာက သင်္ချာထင်ပါတယ်။ ရန်ကုန်တက္က သိုလ်နဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် တွေဟာ အများအားဖြင့် အလွတ်ကျောင်းတွေမှာ စာပြရင်း ကိုယ့်စရိတ်နဲ့ကိုယ် ကျောင်းတက်နေကြသူတွေ များပါတယ်။ ဒါကြောင့်လဲ အစိုးရက အလွတ်ပညာသင်ကျောင်းတွေကို အတိုက်အခံ နိုင်ငံရေးသမား အလောင်းအလျာ ကျောင်းသား တွေရဲ့ သိုက်မြုံအဖြစ် မျက်စိစပါးမွှေးစူးပြီး မျက်လုံးဒေါက် ထောက်ကြည့်စရာ နေရာတွေအဖြစ် အမှတ်ထားလေ့ရှိပါတယ်။ နှိမ်ဖို့အတွက်ကိုလဲ အမြဲချောင်းမြောင်း နေတတ်ပါတယ်။
ဒါကြောင့် ကျောင်းသားခေါင်းဆောင်တယောက် ယောက်ကို ရှာချင်ရင် သူသွားနေကျ အလွတ်ပညာသင်ကျောင်း တကျောင်းကိုပဲ ဖြစ်ဖြစ်၊ မဂ္ဂဇင်းတိုက်တတိုက်ကိုပဲ ဖြစ်ဖြစ် လိုက်ရှာရပါတယ်။ ကျောင်းသားခေါင်းဆောင် တော်တော် များများကလဲ ကလောင်သွေးနေတဲ့ စာရေးဆရာ ဒါမှမဟုတ် သတင်းစာ ဆရာဖြစ်နေတတ်တာလဲ ခေတ်ရဲ့ လက္ခဏာ တခု ပါပဲ။
ကိုစိုးဝင်းမောင်ဟာ ကလောင်သွေးနေတဲ့ ကျောင်း သားတယောက် ဖြစ်သလို ကျူရှင်ဆရာတဦးလဲဖြစ်တဲ့အတွက် သူကပဲ အပေါင်းအသင်းတွေကို လက်ဖက်ရည် တိုက်လေ့ ရှိပါတယ်။ သူက ကျနော်တို့ ကလောင်ရှင်တွေကိုတော့ အထူးခင်မင်ပါတယ်။ ကျနော်တို့ ဆိုတာက တင်မိုး၊ ကြည် အောင်၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်တို့ အုပ်စုကို ဆိုလို ပါတယ်။ အဲဒီနှစ်တွေမှာ အတူရောက်လာကြတဲ့ တောသား အုပ်စု ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့က အထူးကြည့်ရှုစောင့် ရှောက်တဲ့ သဘောလဲ ပါပါတယ်။
ကိုစိုးဝင်းမောင်က ကျောင်းဆရာတိုက်ဆိုတော့ နည်း နည်းလူကြီးရုပ် ပေါက်ပါတယ်။ တကယ်တော့ သက်တူရွယ်တူ တွေချည်းပါပဲ။ တက္ကသိုလ်မှာ သူယူတဲ့ ဘာသာတွဲက 'ပျူးဝါး ဆိုင်းရင့်' လို့ခေါ်တဲ့ သိပ္ပံဘာသာတွဲ ဖြစ်ပုံရပါတယ်။ ၀ိဇ္ဇာတွဲ တွေဖြစ်ကြတဲ့ မောင်သိန်းနိုင်၊ မောင်ဘဂျမ်း (တင်မိုး) တို့နဲ့လဲ အတူ အတန်းတက်လေ့မရှိသလို၊ ဘူမိဗေဒ၊ ဇီဝဗေဒသမား တွေတက်လေ့ရှိတဲ့ ဖက်ကိုလဲ လာတာ မတွေပဖူးခဲ့ပါဘူး။ ကျောင်းတက်နည်းလို့လဲ ဖြစ်ချင်ဖြစ်ပါမယ်။
စစ်အစိုးရတက်တော့ ကျနော်တို့ အများစုက အပြင်မှာ အလွတ်ကျောင်းဆရာတွေ လုပ်နေကြပါတယ်။ အဲဒီအခါ ကိုစိုးဝင်းမောင်နဲ့ အတူ မြင်းခြံလေးမောင်နဲ့ ကြည်အောင်တို့ ကျန်ရစ်ပါတယ်။ မြင်းခြံက ဗကသ ခေါင်းဆောင် ကိုအောင်သူကလဲ တင်မိုးနဲ့ ၀င်းကြွယ်တို့နှစ်ဦး ညှပ်ပြီး စာသင်ပေးလိုက်လို့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ရောက်လာတယ်။ ဖိုးသံချောင်း (လူထု)လဲ တက္ကသိုလ် ရောက်လာတယ်။
လူသစ် လူဟောင်းတွေတွဲပြီး ကျောင်းသား သမဂ္ဂ၊ ကျောင်းသား ညီညွတ်ရေးတပ်ဦးနဲ့ ကလောင်ရှင်အသင်းတို့မှာ ၀င်ရောက်တာဝန်ယူကြပါတယ်။ ကိုစိုးဝင်းမောင်၊ ကိုအောင်သူ၊ ကိုဖိုးသံချောင်းတို့က တကသ၊ ကြည်မောင်နဲ့ လေးနွယ်တို့က ဗကသမှာ တာဝန်ယူကြတယ် ထင်ပါတယ်။ ကျနော်တို့ ကျောင်းမှာ ကိုစိုးဝင်းမောင်နဲ့ တွဲနေကြတုံးက၊ ကြည်အောင်နဲ့ ကိုစိုးဝင်းမောင်တို့ သိပ်ရင်းနှီးခဲ့ပုံ မရပါဘူး။ နောက်ကျတော့ ကျနော်တို့နဲ့ ရင်းနှီးတာထက် သူတို့ချင်းရင်းနှီးမှုက ပိုတယ် ထင်ပါတယ်။ 'တိုက်ပွဲ' က တွဲပေးလိုက်ပုံ ရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၉၆၃) ပျက်သွား တော့ အားလုံးလဲ စကောထဲ ဇီးဖြူ လှိမ့်သလို ဖရိုဖရဲလွင့် ကုန်ကြပါတယ်။ ကိုသာနိုး၊ ကိုသိန်းနိုင်၊ ကိုတင်မိုး၊ ကိုဝင်းဖေ၊ မောင်မိုးသူ၊ မိုးကြည်စတဲ့၊ မန္တလေးစာပေအနုပညာအသိုင်း အ၀ိုင်းက လူတော်တော် များကလဲ ရန်ကုန်ဆင်းသွားကြတယ်။ ကျန်ရစ်သူတွေထဲက ကျွန်းရောက်၊ ထောင်ရောက်၊ တော ရောက်၊ တောင်ရောက်- ရောက်သူတွေလဲ အများကြီးပါပဲ။ လူစု ကွဲသွားကြပါတယ်။ ကျနော်လဲ မန္တလေးမှာ အလွတ်ကျောင်း ဆရာ လုပ်နေရာက ကျောင်းကို ပြည်သူပိုင် သိမ်းလိုက်တော့ အစိုးရကျောင်းဆရာ ဖြစ်သွားခဲ့ပါတယ်။
အဲဒီတုန်းက မန္တလေးမှာ စာပေအနုပညာသည်တွေ အတွက် အလေးထားရာ၊ စုဝေးရာ အဖြစ် လူထုသတင်းစာတိုက် ပဲ ရှိပါတယ်။ လူထုသတင်းစာတိုက်ကိုလဲ စစ်အစိုးရက ၁၉၆၇ ခုနှစ် ပိတ်ပစ်လိုက်ပါတယ်။ ကျနော်တို့မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အလွတ်ကျောင်းဆရာလဲ လုပ်လို့ မရတော့။ အလွတ်သတင်းစာဆရာလဲ လုပ်လို့မရတော့။ ကျနော်တို့ လုပ်တတ်တဲ့ အလုပ်နှစ်ခုလုံး အစိုးရအလုပ်တွေဖြစ်ကုန် ကြပါတယ်။ မန္တလေးမှာက စာနယ်ဇင်းတိုက် လုံးဝမရှိတော့တဲ့ အတွက် ကျနော်လဲ အပေါင်းအသင်းတွေရှိရာ ရန်ကုန်ကို စုန်ဆင်းလာခဲ့ပါတော့တယ်။
အလွတ်ကျောင်းတွေကို ၁၉၆၅ - ၆၆ လောက်မှာ စစ်အစိုးရက ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ဆက်ပြီးအလုပ် လုပ်ချင်တဲ့ ဆရာတွေ အားလုံး အစိုးရကျောင်းဆရာတွေ ဖြစ်ကုန်ပါတယ်။ ကျနော်လဲ ကျောင်းသုံးစာအုပ်အဖွဲ့မှာ အလုပ်လုပ်ဖို့ကို ရန်ကုန်ကို အကြောင်းရှာပြီး ဆင်းခဲ့ခြင်းပါ။ ရန်ကုန်ဆင်းကြတဲ့ အထဲမှာ ကျနော်က နောက်ဆုံးဖြစ်မယ် ထင် ပါတယ်။ ကိုစိုးဝင်းမောင်လဲ ဘယ်ရောက်နေမှန်း မသိတော့ ပါဘူး။
ကျနော်ရန်ကုန်ရောက်တော့ သမိုင်းသင်ရိုးအဖွဲ့နဲ့ မြန်မာစာသမိုင်း အဖွဲ့တို့မှာ လုပ်ပါတယ်။ သင်ရိုးအဖွဲ့ဝင် တွေဟာ စာမေးပွဲ စစ်ခွင့်ရှိပါတယ်။ နှစ်စဉ် ၁၀ တန်းစာမေးပွဲ စစ်ချိန်မှာ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံလေ့ရှိပါတယ်။ ခုတော့ စာမေးပွဲ စစ်တာကိုလဲ လူစုခွဲပစ်လိုက်တယ်လို့ ကြားရပါတယ်။ ကျနော်အလုပ်လုပ်တဲ့ မြန်မာစာသင်ရိုးအဖွဲ့ကို ပညာရေးရုံး ရယ်လို့ သီးခြားမရှိခင်မှာ တက္ကသိုလ် မြန်မာစာဌာန၊ တောင်ငူ ဆောင်မှာ ထားပါတယ်။
မြန်မာစာပါမောက္ခတွေက _ ဦးဘိုသင်းတို့၊ ဒေါ်စီစီဝင်းတို့ပါ။ ကျနော်က သင်ရိုးအဖွဲ့ဝင်၊ နောက်တော့ သင်ရိုးအတွင်းရေးမှူးတာဝန်ထမ်းဆောင်ရင်း မြန်မာစာဌာနမှာပဲ ရုံးတက်ရပါတယ်။ အဲဒီမှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေရော၊ မန္တလေးတက္ကသိုလ်က သူငယ်ချင်း တွေရော ပြန်ဆုံကြပြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတာများ ပါတယ်။
ပြန်လည် ဆုံတွေ့ကြသူတွေထဲမှာ ကိုစိုးဝင်းမောင်လဲ ပါလာလို့ ကိုသာနိုး၊ ကိုတင်မိုး၊ မောင်မိုးသူ - စတဲ့ သူငယ်ချင်း ဟောင်းတွေနဲ့ ၀ိုင်းဖွဲ့လေ့ရှိ ကြပါတယ်။ အများအားဖြင့် နေ့လည် ထမင်းစားချိန်မှာ ဆုံကြပါတယ်။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြရင်း အလွမ်းသယ်ကြပါတယ်။
နောက်များမကြာခင် သူရော ကျနော်ရော အငြိမ်းစား ယူကြလို့လား မသိ၊ မဆုံကြရဘူး။ ဒါပေမဲ့ အမေလူထု ဒေါ်အ မာရဲ့ မွေးနေ့သွားကြရင် လေထီးဦးအုန်းမောင်၊ သခင်အုန်းမြင့်၊ စတဲ့ ရှေးဟောင်း နိုင်ငံရေးသမားကြီးတွေက ကျောက်ဆည် ဒေါ်မြရီအိမ်ကို ၀င်လေ့ရှိတယ်။ ကျနော်တို့လဲ လိုက်ကြတယ်။ ဒေါ်မြရီခြေကျိုးနေလို့ အမေဒေါ်အမာရဲ့ မွေးနေ့ကို မလာနိုင်တဲ့ အချိန်ပိုင်းအတွင်းကပါ။ ဒေါ်မြရီဆိုတာ ကျောက် ဆည်သခင်တင်ရွှေရဲ့ ဇနီးပါ။ ဦးသိန်းဖေမြင့် ခေါင်းဆောင်ပြီး အိန္ဒိယပြည်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ကြတော့ လေထီးသင်တန်းကို လူ ၇၀ - ၈၀ ခေါ်ရာမှာ အမျိုးသမီးအနေနဲ့ ဒေါ်မြရီတယောက်လဲ ပါခဲ့ပါတယ်။ အိန္ဒိယမှာ အတူနေခဲ့ရတဲ့ လေထီးဦးအုန်းမောင်နဲ့ နိုင်ငံရေး ရဲဘော်ဟောင်းများက ဒေါ်မြရီကို ၀င်ရောက်နှုတ်ဆက်ကြတဲ့ အခါ ကျနော်က ကိုစိုး ၀င်းမောင်ကိုပဲ စုံစမ်းပါတယ်။ ဒါပေမဲ့ မတွေ့ခဲ့ ရပါ။
မောင်မိုးသူနဲ့ ကျနော် မန္တလေးကို ၂၀၀၀ ပြည့်နှစ် ရှေ့ပိုင်းမှာ စာပေကိစ္စတခုနဲ့ ရောက်သွားတော့ ကဗျာဆရာ ကြည်အောင်နဲ့ ကိုလေးတို့ အင်းဝညီနောင်နှစ်ဦး လာတွေ့ ပါတယ်။
“ဒီနေ့ ငါတို့ကျောက်ဆည်ကို လူမမာမေးသွားမယ်။ မင်းတို့လဲ လိုက်ခဲ့။ ငါတို့ရဲဘော်ကြီးစိုးဝင်းမောင် ကင်ဆာ ဖြစ်နေလို့တဲ့။ အဲဒါသွားမေးကြရအောင် -” လို့ ကြည်အောင်က ကျနော်တို့ကို ဖိတ်ခေါ်ပါတယ်။ ကျနော်တို့က သူများဖိတ်ကြား ထားတဲ့ကိစ္စနဲ့မို့ ကြည်အောင်ခေါ်ရာကို မလိုက်နိုင်ခဲ့ပါ။
ကိုစိုးဝင်းမောင်လဲ ချက်ချင်း ခုလိုဖိတ်စဉ်သွားမယ်လို့ မထင်ခဲ့ပါ။ ၂၀၀၀ ပြည့်နှစ်ကုန်မှာပဲ ကိုစိုးဝင်းမောင်တယောက် ဆုံးရှာပြီလို့ သတင်းကြားလိုက်ရပါတယ်။ ကျနော်တို့မှာလဲ အိမ်နေရာ ဖယ်ရှားပေးရမယ်ဆိုတဲ့ အမိန့်ကြောင့် အစိုးရနဲ့ ထိပ် တိုက်ဖြစ်နေတဲ့အတွက် သူငယ်ချင်းရဲ့ နာရေး ကိစ္စသွားဖို့ ပျက် ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် စိတ်မကောင်းဖြစ်ခဲ့ ရပါတယ်။
ပြည်ပကိုရောက်လာတော့ ကိုစိုးဝင်းမောင် ရဲ့သား တယောက် ဖြစ်တဲ့ ကိုသံခဲနဲ့ ဆက်သွယ်မိပါတယ်။ အသုဘ မှတ်တမ်းဓါတ်ပြားရှိလားဆိုလို့ လှမ်းတောင်းတော့ လက်ဆင့် ကမ်းရင်းနဲ့ ၂၀၀၇ ခုနှစ်ကျမှ ကိုဘဂျမ်း (တင်မိုး) အိမ်ကို ကျ နော်ရောက်နေချိန် လက်ခံရရှိပါတယ်။ ကိုစိုးဝင်းမောင်ရဲ့ အသုဘသတင်းကားကို တင်မိုးနဲ့ ကျနော် အတူကြည့် ကြပါတယ်။ ကြည်အောင်နဲ့ ကိုလေးတို့ပါသလားလို့ ကြည့်ပါ တယ်။ သူတို့အဖမ်းခံနေရတုန်းနဲ့ တူပါတယ်။ မတွေ့ပါ။ အတော်ရုပ်ပြောင်းနေတဲ့ သူငယ်ချင်းတချို့ကို မြင်လိုက် ပါတယ်။
ကိုစိုးဝင်းမောင်ရယ်၊ သူနဲ့အတူတွဲခဲ့ကြတဲ့ မြင်းခြံက အောင်သူရယ်၊ လေးမောင်ရယ် - သုံးယောက်လုံး စာပေ သမားတွေ ချည်းပါပဲ။ စာရေးကောင်းကြသူတွေ ချည်းပါပဲ။ ခေတ်ဆိုးကြီးကို ကြမ်းကြမ်းရမ်းရမ်း မဖြတ်သန်းကြရရင်တော့ သူတို့လဲ ကျနော်တို့နဲ့အတူ စာပေစင်မြင့်ပေါ်မှာ အတူရှိနေ ခဲ့ကြမှာပါ။ ကျနော်တို့က အိမ်စောင့်အစိုးရနဲ့ ထိပ်တိုက်ဖြစ် ခဲ့ရတာပါ။ သူတို့က စစ်ဦးဘီလူးအစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ တက္ကသိုလ်မှာ ကျန်ရစ်နေသူတွေပါ။

ကွယ်လွန်သူရဲဘော် စိုးဝင်းမောင်ကို ဒီဆောင်းပါးနဲ့ အမှတ်တရ အလေးပြုလိုက်ပါတယ်။

(မောင်စွမ်းရည် - ၂၀၀၉၊ မတ် ၁၉)

Monday, July 27, 2009

ဘာပြန်ပေးကြမှာလဲ

ဘာပြန်ပေးကြမှာလဲ

သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။

သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။

သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။

သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။

သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။

သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။

သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။

သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။

သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။

သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊

သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။

သီတာအောင်

(မတရားဖမ်းဆီးထိမ်းသိမ်းခြင်းခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားရည်စူးရေးဖွဲ့ပါသည်။)ဘာပြန်ပေးကြမှာလဲ



Wednesday, July 22, 2009

ကြယ်တွေကြွေတယ်ဆိုပေမယ့်

၁။

ခေတ်ဆိုး
စနစ်ဆိုး
အစပျိုးခဲ့ရာ
တထောင့်ကိုးရာခြောက်ဆယ့်နှစ်မှာ ။
၂။

လွတ်လပ်မှုကိုမြတ်နိုး
မတရားတဲ့အဖြစ်မျိုးကိုလက်မခံ
အမှန်တရားကိုဖော်ထုတ်
ဒါဟာ
ခွပ်ဒေါင်းဇာနည်တို့ ရဲ့ 
အလုပ်မဟုတ်လား ။

၃။

ရာသီတွေပြောင်းသွားတယ်
နှစ်တွေဟောင်းသွားတယ်
ခေတ်တွေကတော့ ပြောင်းမသွားဘူး
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံစိုက်မယ့်

ခွပ်ေါးင်းစိတ် ခွပ်ဒေါင်းမာန်
ခွပ်ဒေါင်းဟန်တွေက
မျိုးဆက် တဆက်ပြီး တဆက်
လက်ဆင့်ကမ်းလာခဲ့ကြ
နံရံထက်က သွေးမှာတမ်း
၇ ၊ ၇ လ မမေ့ကြနဲ့  ။

၎။

ခေတ်ဆိုး စနစ်ဆိုး
ရိုက်ချိုးအာခံ
တော်လှန်ခဲ့ရာ
ဆဲဗင်း ဇူလိုင် စိတ်ဓါတ် အဓွန့် ရှည်စေသော်ဝ် ။

Tuesday, July 14, 2009

သမိုင်းစစ်စစ်များ

ညီမလေးရေ
သူရဲကောင်းဆိုတာ
ဖန်ပြွန်သန္ဓေသားလို
မွေးယူလို့ မရတာ အသေအခြာ
ခေတ် စနစ်ကတောင်းဆိုမှသာ
လူထုထဲက ပေါ်ထွက်လာရတာ မဟုတ်လား ၊

ညီမလေးရေ
ရာဇ၀င်တွေက
တလူးလူး တလိမ့်လိမ့်
တရိပ်ရိပ်နဲ့  သွေးဇာတ်လမ်းကို
ပေထက်အက္ခရာတင်ခဲ့ကြ ၊
သမိုင်းစစ်စစ်တွေက
လိမ်ညာမှု အရေပြားတွေကိုဖေါက်ထွက်
ခေတ်တွေကို တောက်ပစေခဲ့ တယ် ၊

ညီမလေးရေ
မတရားမှုတွေက
ဝင်ကစွပ်ကောင်တွေလိုပဲ
အနှုတ်အသိမ်းကလည်းမြန်ကြ
(သွေးရူးသွေးတမ်းနဲ့  ထုတ်ပြန်တဲ့အမိန့် မှတ်တမ်း)
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရတဲ့
ခုများတော့
ဆဲဗင်းဂျုလိုင်က စလိုက်တဲ့ အရေးတော်ပုံတွေ
သွေး အလိမ်း လိမ်း လမ်းမများထက်
လဲ ပြို ပိ ကျ
မိုးကောင်းတုန်း ရွာထားကြဟေ့၊
ဒီလိုနဲ့
ကြိမ်းမောင်း မာန်မဲ
တို့အရေးလည်း ရင်ကွဲဟစ်အော်
ဆယ်စုနှစ် နှစ်ခုကျော်ခဲ့
တော်လှန်ရေးကြီးလည်း အဓွန့်ရှည်ခဲ့ပြီပဲ ၊

ညီမလေးရေ
ဇူလိုင်လဟာ ငါတို့ကို ဖမ်းစား
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့
စကားတခွန်းသာ
နှလုံးသားမှာ ခွန်အားဖြစ်စေခဲ့ပြီ ။
“သမဂ္ဂအုတ်များ
ပြိုလေရာ
ဒီမိုကရေစီအုတ်များဖြင့်
တည်ဆောက်အံ့ ”







Tuesday, July 07, 2009

ဆဲဗင်းဇူလိုင်အခမ်းအနား(၂၀၀၉ ၊ ၇ ၊ ၇ နအဖ အခွန်ရုံးရှေ့  ၊ တိုကျို)

အာဏာသိမ်းစစ်အစိုးရ၏ပထမဦးဆုံး ကျောင်းသားများအား သတ်ဖြတ်မှုကြီးကျူးလွန်ခဲ့သည်မှာ ၄၇ နှစ်ပြည့် ခဲ့ပြီဖြစ်ပါသည်။ သမိုင်းဝင် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုအား ဦးညွှတ် ဂုဏ်ပြုသောအားဖြင့်၎င်း၊ ဆဲဗင်းဂျူလိုင်စိတ်ဓာတ် အဓွန့် ရှည်ရေးအတွက်လည်းကောင်း ကျင်းပခြင်းဖြစ်ပါသည်။


Sunday, July 05, 2009

(၄၇) နှစ်ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနား မှတ်တမ်း (တိုကျို)

ဂျပန်နိုင်ငံ တိုကျိုမြို့  တာကာဒါနိုဘာဘာ အရပ်တွင် (၄၇) နှစ်ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနားအား ဂျပန်နိုင် ငံရောက်ရှစ်လေးလုံးကျောင်းသားဟောင်းများ စာပေအင်အားစုများ ဒီမိုကရေစီရေးလှုပ်ရှားနေသောအဖွဲ့ အစည်းများမှပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပါသည်။