Fashion Era

Wednesday, December 31, 2008

“တနှစ်ဟောင်းလို့ ”

တချို့ 
ဟောင်းပေမယ့်
ကောင်းနေဆဲ

တချို့ 
ကောင်းပေမယ့်
ဟောင်းနေဆဲ

တချို့ 
ဟောင်းလည်း မဟောင်းဘူး
ကောင်းလည်း မကောင်းဘူး

ဘယ်လိုပဲဖြစ်ဖြစ်
ဟောင်းချင်တဲ့သူတွေ ဟောင်းပါစေ
ကောင်းချင်တဲ့သူတွေ ကောင်းပါစေ
ပြောင်းချင်တဲ့သူတွေ ပြောင်းပါစေ

တို့ တတွေမှာတော့
ဘယ်တော့မှ မဟောင်းတဲ့
ကိုးဆယ်ရဲ့  ရလဒ်ကောင်းတွေရှိတယ်
အနာဂတ်ကောင်းဘို့ 
စီအာပီပီ ရဲ့  ကောင်းကြောင်းတွေရှိတယ်
အစဉ်တစိုက် မပြောင်းလဲတဲ့
စစ်မှန်သော အနှောင်အဖွဲ့ ကင်းသော
တွေ့ ဆုံဆွေးနွေးရေး အကြောင်းတွေရှိတယ်

မကောင်းတာမှန်သမျှ
နှစ်ဟောင်းမှာ ချန်ရစ်ကြ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတပိုဒ်နဲ့ 
နှစ်သစ်ကို တကျိုက်ပြီးတကျိုက် မော့လိုက်ကြဟေ့
“ကောင်းကျိုးအထွေထွေရယ်နဲ့  ချွန်စေမြစေသော
ဒေါင်းအိုးဝေရယ်နဲ့  တွန်စေ ကစေသော ။

“နှစ်သစ်”

ဒဏ်ရာတွေဗလပွ
အနာတရများစွာနဲ့ 
ဘ၀ကိုဒရွတ်ဆွဲ
နှစ်ဟောင်းကိုခွဲထားခဲ့ပြီ၊

အပူသောက မောသမျှတွေ
နှလုံးသွေးစ မျက်ရည်စတွေနဲ့ 
ကံမကောင်းအကြောင်းမလှခဲ့တဲ့
အတိတ်ဟောင်း
နှစ်ဟောင်းမှာနေရစ်ခဲ့
နှစ်သစ်မှာမျှော်လင့်ချက်နဲ့ 
အသက်ရှင်သန်ဘို့ 
ကြိုးစားရုန်းကန်ရဦးမယ်၊

ရှုံးနိမ့်ခြင်းရဲ့ သက်တမ်း
ပြန်လည်စမ်းစစ်ကြည့်တဲ့အခါ
ဆရာဇောဂျီရဲ့  ဗေဒါလမ်းကဗျာ
ငါအတွက် အားဆေးတလက်ဖြစ်ခဲ့၊

ဆုံးရှုံးမှုများစွာရဲ့ တဘက်ကမ်း
တောက်ပတဲ့အနာဂတ်လမ်းမှာ
ဗေဒါပျံရဲ့  ဇွဲသတ္တိအားမာန်
ခိုဝင်တွယ်ငြိ ယုံကြည်ချက်အတိနဲ့ 
နှစ်သစ်ကို ငါပွေ့ ဖက်မိတယ်၊

Monday, December 29, 2008

အနှိုင်းမဲ့ မေတ္တာရှင်

လာတုန်းကလည်း
တယောက်ထဲပါပဲ
ဘ၀မှာ လိုအပ်သမျှ
အမေက ဖြည့်ဆည်းပေးခဲ့ရ
အတောင်အလက် မစုံခင်
အမေ့ရင်ကို ခြေစုန်မကန်ခင်အထိပေါ့ ။

မေတ္တာတရားရဲ့ စွမ်းပကား
ကြီးမားပုံများ
အမေ့ရင်ခွင်ခိုလှုံ
အနှစ်နှစ်ဆယ်ဆိုတဲ့ နိဗ္ဗန်ဘုံဟာ
ပျော်ရွှင်စရာ အဖုံဖုံနဲ့ 
ဘ၀မှာ ကုံလုံကြွယ်ဝခဲ့လေရဲ့  ။

အခုတော့
ကိုယ့်လမ်း ကိုယ်ဖောက်
ကိုယ့်လမ်း ကိုယ်လျှောက်
တထောင့်ငါးရာ မေတ္တာတောမှာ
ရင်ခုံစရာ အစုံစုံကို တွယ်ငင်ရစ်ချည်
ဆယ်သက်ဆယ်ကမ္ဘာထင်မိပြီးတဲ့နောက်မှာတော့
အမေ့ရဲ့ နိဗ္ဗန်ဘုံဟာ မကုံလုံတော့ပြီပဲ ။

လျှောက်စမ်း
ကိုယ်ခင်းတဲ့လမ်း
ကိုယ်ရွေးတဲ့လမ်း ဆူးကြမ်းချင် ကြမ်းစမ်း
ချစ်သူရဲ့ အပြုံး အားဆေးတခွက်လို သုံးစမ်း
ကိုယ့်ဘ၀ကိုယ် ရိုက်နှက်မောင်းနှင်ထားစမ်း
ကံကိုသာယုံ ဆူးပုံနင်းစမ်း
ကိုယ့်အချစ်နဲ့  အရာရာကိုအကောင်းတိုင်းဖြစ်စေခဲ့ပေါ့ ။

ငမိုက်သား
ကမ်းကုန်အောင်မိုက်ခဲ့ပုံများ
အမေအိုကို မေ့ထားခဲ့ပြီး
ကိုယ်ယုံကြည်ရာစခန်း
လှမ်းချင်တိုင်းလှမ်း ကြမ်းချင်တိုင်းကြမ်း၊
ဒီလိုနဲ့ 
မိဘနေရာ ရောက်ရှိလာခဲ့
နူးညံ့သိမ်မွေ့ ချစ်ချင်းမေတ္တာရဲ့ အတွေ့ ဟာ
အသိတရားတပွေ့ တပိုက်နဲ့ 
ငါ့ရင်ကိုတိုက်ခတ်လာတဲ့အခါ
ခေတ်သစ် အဇာသသတ်ဟာ
ငါကိုယ်တိုင်ဖြစ်နေပါရော့လား၊

အံ့သြထိတ်လန့် 
ရှိုက်ငင်ငိုကြွေး ငါ့ကို အပြစ်ပေးပါ
ငါ့ကို အပြစ်ပေးပါ
အမေအိုထံပါး ၀ပ်တွားဦးခိုက်
မိုက်ပြစ်အကြွေး ခွင့်လွှတ်ပေးပါ၊

အမေအိုရဲ့ ဆွေးမြေ့တဲ့ အတွေးမှာ
သားအတွက်နာကျည်းစရာမပါ
အမေ့ရင်မှာ
ချစ်မေတ္တာတရားသာ လွှမ်းခြုံ
သားဘ၀ကို ကုံလုံကြွယ်ဝ နေစေဦးမှာပါ သားရယ် ။

(သားဆိုး သားမိုက်များနဲ့  မဟာဂရုဏာရှင် ချစ်ချင်းတရားပြည့်ဝသူအမေများသို့ )

၂၀၀၈ ဒီဇင်ဘာ ၂၉

Tuesday, December 23, 2008

ချယ်ရီမြေလမ်းခွဲ

ဝေးရမယ့်အခါ
နှလုံးသားမှာ နာကျင်ခံစား
ကမ္ဘာပျက်သည့် အလားပါပဲကွယ်၊

ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ဆုံစည်းခဲ့ကြ
ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ခွဲကြရဦးမယ်၊

ဆယ်နှစ်ဆယ်မိုး
ချစ်မိုးဆွေရွာ ချစ်ခဲ့ကြလည်း
ညှိမရတဲ့ပြဿနာ
ယုံကြည်ချက်က စခဲ့တာပါလေ၊

ခွန်အားအရှိဆုံးအရာ
ယုံကြည်ရာဘဝ
အဲဒီဘ၀မှာ အချစ်ဟာ
အစိတ်ပိုင်းတခုမျှသာ
ကိုယ့်ခံယူထား နှလုံးသားမှာ
မင်းနဲ့ ကိုယ်ကြား
အပေးအယူသဘော မထားခဲ့ပါ၊

ပေးခဲ့ရတာနဲ့  ရခဲ့ရတာ
ဆတူတူပါပဲကွာ
ချစ်သူသိထား နားလည်ပေးပါ
“ယုံလို့ ပုံအပ်ခဲ့တာလည်း
ရိုးသားမှုတခုပါပဲ”
ရိုးသားမှုတခုကိုတပ်မက်
ကိုယ့်ယုံကြည်ချက်-ဖေါက်ဖျက်ခဲ့ရင်
ကိုယ့်ရေးတဲ့ ကိုယ့်သမိုင်း
ရာဇ၀င်ရိုင်းသွားလိမ့်မယ်၊

နေရစ်ခဲ့လို့  ကျန်ခဲ့ရတာလား
ကျန်ရစ်ခဲ့လို့  နေခဲ့ရတာလား
အဖြေရှုပ်မယ့်ပုစ္ဆာ
ကိုယ်မထုတ်ချင်တော့ပါ ၊

ချစ်သူသိလေ
စွန့် လွှတ်ရတာပဲဖြစ်ဖြစ်
စွန့် လွှတ်ခံရတာပဲဖြစ်ဖြစ်
ရင်မှာခံစားရတဲ့ဝေဒနာ
အတိုင်းအဆမဲ့စွာနာကျင်
ကြေမွတဲ့ရင်အစုံမှာ
ကံဇတ်ဆရာအလိုကျ
ကခဲ့ရတဲ့ဒီဘဝ
ဒီမျှသာတခန်းရပ်လို့  ။

Monday, December 22, 2008

ကျိန်စာ

· ငါဟာ
ဘ၀မှာ ကြိမ်ဖန်များစွာ
ကျိန်စာသင့်ခဲ့သူ
ဦးနှောက်ဆူပွက်
အလိုရမ္မက်တွင်းနက်ထဲ
ဟောဒီ ရင်ဘတ်ပြူတင်းပေါက်ထဲက
ခုန်ဆင်းသွားခဲ့ကြ ၊

· ကမ္ဘာကြီးကို ထမ်းပိုးထားနိုင်ဘို့ အတွက်
လန်းဆတ်တဲ့ နံနက်ခင်းများ
ညရထားနဲ့  လိုက်ပါသွားချိန်
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင်ရိတ်သိမ်းခွင့်ရမယ့်အရပ်ဆီ
မျှော်လင့်ချက်များစွာနဲ့ စွန့် ခွါထွက်ခဲ့ ၊

· သေချာပါတယ်ဆိုတဲ့ အရာတွေက
မသေချာမှုတွေနဲ့  တည်ဆောက်ထား
လွဲမှားတဲ့ခရီးကို သွားခဲ့သူလို
စွန့် စားမှုကောင်းကင်လွင်ပြင်ထဲ
လွင့်မျောတိမ်တစဟာ ငါဖြစ်တယ် ၊

· တဘ၀လုံးနီးပါး ပေးခဲ့ရတာတောင်မှ
ဒုက္ခက အာသာမပြေဘူး
အေးခဲသိပ်သည်း
ပူလောင်ခြောက်သွေ့ 
ဆန့် ကျင်ဘက်တရား အဲဒီနှစ်ခုအကြားမှာ
ဘ၀ဟာ အရည်ပျော်ခဲ့ရ
ကိုယ်ကျင့်သိက္ခာ မာနတရား
ပါးလျကွယ်ပျောက်
သမုဒ္ဒရာ တစ်ထွာအောက်ကို ရောက်သွားတယ် ၊

· ညီမလေးရေ
အဲဒီနေ့ က စလို့ 
ငါ့ရဲ့ ညတွေမှာ
ကြယ်တွေကြွေတော့တာပဲ ။

Friday, December 19, 2008

“သမီးလေးအတွက် ကဗျာ”

(အချစ်ဆုံးသမီးလေးရဲ့ တဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ အတွက်မွေးနေ့ လက်ဆောင်ကဗျာလေးပါ။
သမီးလေးမွေးတော့ ကိုယ်က မလေးရှားမှာ၊ရေကြည်ရာ မြက်နုရာရွေ့ လျားရင်း ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ရင်း
စင်္ကာပူမှာ သောင်တင်ခဲ့၊ အဲဒီမှာပဲ သမီးလေးကို ကိုယ့်ရင်ခွင်ထဲခေါ်ယူထွေးပွေ့ ထားခဲ့၊ သမီးလေးအသက် (၄)နှစ်၊
အတူနေလို့ မှတည်ငြိမ်မယ်ကြံကာရှိသေးတဲ့ဘ၀ ကံဇာတ်ဆရာအလိုကျ ဂျပန်ကိုရွေ့ ခဲ့ရပြန်ပေါ့၊ အဲဒီတော့ သမီးလေး
အသက်က(၇)နှစ်၊အခုတော့ အဲဒီသမီးလေး (၁၈)နှစ်ပြည့်ပြီ၊ သမီးလေးဘ၀မှာ ဖအေနဲ့ အတူနေခဲ့ရကာလ သုံးနှစ်သာသာ၊
အဲဒီသမီးလေးရင်ထဲမှာ ဖအေရင်ငွေ့ နဲ့ ဝေးကွာခဲ့ရတဲ့ စိတ်အနာ ရှိနေတယ်။မိသားစုအတူတကွမနေရတဲ့ စိတ်အနာ သမီးလေး
ရင်ထဲမှာ တမြေ့မြေ့နဲ့ ၊ဘယ်သူက ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ၊ သမီးလေးအနာဂတ်အတွက် သမီးစိတ်ချမ်းသာဘို့ အတွက်၊
ကိုယ့်ဘ၀မှာ ဘာကိုပဲပေးရ ပေးရ၊ ကိုယ့်အိမ်သူကတော့ပြောရှာပါတယ်၊ သိပ်နောက်ကျသွားပြီတဲ့။)





၁။
သမီးလေးရေ
ခေတ်တခေတ်ဟာ
စနစ်တခုကို တောင်းဆိုစမြဲပါ
အရာရာဟာလည်း
မျက်စိတမှိတ် လျှပ်တပျက်အတွင်းမှာ
ပြောင်းလဲနေတယ် ။
ဘ၀ဆိုတာကတော့
သမုဒ္ဒရာထက်က ရေတပွက်ပါပဲ ၊

၂။
သမီးလေးရေ
လောကကြီးမှာ
ကောက်ကျစ်မှုမာယာတွေက
အားကောင်းလွန်းတယ်
ဘ၀တွေက
တိုတောင်းလွန်းတယ်
ကြီးကျယ်မြင့်မြတ်မှုဆိုတာ
မွေးရာပါမဟုတ်ဘူးကွဲ့ 
အောင်မြင်မှုဆိုတာကလည်း
ကြိုးစားအားထုတ်သူတို့ အတွက်
ပိုင်ဆိုင်ရမယ့် ကမ္ဘာတခုပဲလေ
လေးစားမြတ်နိုးရတဲ့
ကြယ်ပွင့်တိုင်းမှာ
မရိုင်းတဲ့ ရာဇ၀င်သမိုင်းဆိုတာ
ရှိတယ်ကွယ့် သမီးလေးရဲ ။

၃။
သမီးလေးရေ
ကေသရာဇာခြင်္သေ့တို့ 
သားကောင်ဖမ်းတဲ့အခါ
သားကောင် ကြီးကြီးငယ်ငယ်
စိုက်ထုတ်တဲ့ခွန်အားလုံ့ လ
အတူတူပါပဲကွယ်
အဲဒီ ဥပဒေသကို
လိုက်နာကျင့်သုံး
သမီးလေးရဲ့  ဘ၀တခုလုံး
အောင်မြင်မှုတွေဖုံးလာမှာ အသေအချာပ ။

၎။
သမီးလေးရေ
သစ်ရွက်ကလေး လေတိုးလို့ လှုပ်ခါ
စိတ်လှုပ်ရှားတတ်တဲ့
သမီးတို့ အရွယ်မှာ
နှလုံးသားဟာ
ဦနှောက်ထက်မကြီးစေနဲ့ 
အချစ်ဆိုတာလည်း
ဘ၀ရဲ့ အစိတ်အပိုင်းတခုသာပ
ကောင်းကျိုး ဆိုးကျိုး
စဉ်းစားချင့်ချိန်တတ်တဲ့
ခွန်အား ဥာဏ်အား
သမီးလေး ပွားများနိုင်စေသား ။

၅။
သမီးလေးရေ
မိသားစုနဲ့ ခွဲခွာနေရတဲ့အခါ
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိမ်းကျောင်းနိုင်မှ
လမ်းတွေက ကွေ့ ကောက်လွန်းလို့ 
မိသားစု တကွဲတပြားဆိုတာလည်း
ဖေဖေတို့ မိသားစု တခုထဲ မဟုတ်ဖူးကွဲ့ 
သမီတို့  ဖေဖေတို့  ဘ၀တွေထက်
ပိုမိုဆိုးရွားတဲ့
မိသားစုတကွဲတပြား ဘ၀များ
မြန်မာပြည် တနံတလျားမှာ
ရေတွက်လို့  မကုန်နိုင်အောင်ပါပဲ သမီးရယ် ။

သမီးလေးရေ
ဘ၀ရဲ့ တိုက်ပွဲ ဆင်နွှဲတဲ့အခါ
စိတ်ဓါတ်ကို ကြံ့ခိုင်အောင်ကြိုးစားပါ
ဗမာပြည်ကို ချစ်ပါ
ဧရာဝတီကို ချစ်ပါ
တိုင်းပြည်ရဲ့ အနာဂတ်ကို သစ်စေမယ့်
ခွပ်ဒေါင်းစိတ်ဓါတ်ကို ချစ်ပါ
ခွပ်ဒေါင်းစိတ်ဓါတ်လို ကျင့်ပါ ။

“မိဝေး ဖဝေး သမီးလေး”


မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
သမီးအသက် တဆယ့်ရှစ်မှာ
အတူနေရ သုံးနှစ်မျှသာ
အဖေနဲ့ သမီးရဲ့  ကမ္ဘာ ကြေကွဲစရာ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
အပျံသင်စ စိတ်လှုပ်ရှားလွယ်
သမီးအရွယ်မှာ
နှလုံးသားဟာ ဦးဏှောက်ထက်
မကြီးစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
လောကကြီးမှာ
မသေချာ မရေရာတဲ့ အရာမှန်သမျှ
အသိဥာဏ်ခွန်အားနဲ့  ဝေဖန်ပိုင်းခြား
ဆုံးဖြတ်ချက်များလဲ မမှားစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
ဘ၀ကိုဖြတ်သန်းတဲ့အခါ
ကိုယ်ကျင့်တရားကို အစွန်းအထင်းမခံနဲ့ 
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့ 
ကိုယ့်ကိုယ်ကိုယ်ထက် ယုံပြီး
သူများကို ပုံမအပ်လေနဲ့  သမီးရဲ့  ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
မိသားစုစုံညီစွာနေရေး
မဝေးတော့တဲ့ ကာလတခုမှာ
ဒါဟာ အိပ်မက်တခုမဟုတ်တာအသေအချာ
ယုံကြည်လိုက်စမ်းပ သမီးရ ၊

သမီးရဲ့  ကမ္ဘာမှာ
မဖြစ်နိုင်ဘူးဆိုတာ မရှိစေရ
ကြိုးစားလိုက်စမ်းပ သမီးရ ၊

အို ကောင်းကင်နဲ့ မြေပြင်တခွင်
နားဆင်ကြလော
နားစွင့်ကြလော
အောင်မြင်မှုအပေါင်း
သရဖူဆောင်းမယ့်သူဟာ
ငါတို ချစ်မငြီးတဲ့ ချစ်သမီး
ဇွဲဟေမာန်သက်လင်းသာဖြစ်တယ် ဆိုတာ
ယုံမှားသံသယ မရှိကြလေနဲ့  ။

၂၀၀၈ ။ ဒီဇင်္ဘာ ။ ၁၉

Thursday, December 18, 2008

ဒီဇင်ဘာရဲ့ ဆောင်းညများ

တိတ်ဆိတ်မှု အရိပ်အောက်မှာ
ဆူညံတဲ့ ကြေကွဲမှုတွေရှိတယ်
ဝင်ကစွပ်ကောင်တို့ ရဲ့ လှည့်စားမှုမှာ
ဆောင်းညများ မအိပ်နိုင် မစားနိုင်ရှာ
ဝဋ်နာ ကံနာ တခုလို
လရောင်အောက်မှာ ။

အုံနဲ့ ကျင်းနဲ့  လက်ခံခဲ့ရတဲ့ ဝေဒနာ
နံရိုးအပြိုင်းပြိုင်းမှာ တူညီတဲ့
ယုံကြည်မှုတွေရှိတယ်
ဟေရာကလိုက်တပ်စ် ရဲ့ အာဘော်
(မြစ်တမြစ်ထဲကို လူတယောက်နှစ်ခါမဆင်းနိုင်)
ငါ့ကို နဲနဲ အော်ခွင့်ပေးပါ ။

ရင်ဘတ်တွေနဲ့ စိုက်ပျိုးခဲ့ကြပြီး
ဘယ်လို ရှင်သန်ဖူးပွင့်ခဲ့ကြရတယ်ဆိုတာ
ပုခုံးပေါ်ကတာဝန်တွေကို ကြည့်လိုက်ရုံနဲ့ 
ခေတ်တခုလုံး ဆလိုက်ထိုးပြသလိုမျိုး
တကွက်ပြီး တကွက်
ငါ့မှာ ရင်သတ်ရှု့ မော ။

ဆောင်းညများထဲမှာ
စွေးစွေးနီတဲ့သွေးများ
ရဲရဲရင့်ရင့် စီးဆင်းကြ
ရဲရဲရင့်ရင့် သမိုင်းမှတ်တိုင် စိုက်ထူကြ
စွန့် လွှတ် စွန့် စားသွားသူများရဲ့ 
နာနာကျည်းကျည်း ရေရွတ်သံများ
ပဲ့တင်လှိုင်းခတ် လှုပ်ရှား
ဒီဇင်ဘာရဲ့  ဆောင်းညများမှာ ။


Tuesday, December 16, 2008

ယုံကြည်ချက်

တိတ်ဆိတ်ငြိမ်သက်မှုနဲ့ 
အကြောက်တရားများ
ရက်စက်စွာ
ငါ့အပေါ်လဲပြိုပိကျ
ကံဇာတ်ဆရာအလိုရ
ကခဲ့ရတဲ့ဘ၀ထဲ
အိပ်မက်တွေတောင်မှ
လန်းဆန်းစွာဖူးပွင့်ခွင့်မရ
အတိတ်ဆီမှာ
သောကမျက်ရည်စတွေနဲ့ လေ ။

နုနယ်ပျိုမျစ်ခြင်းဖြစ်စဉ်ထဲ
ကြီးပြင်းရင့်ကျက်စွာ ရွေ့ လျားစီးဆင်း
စဉ်းစား၊ တွေးခေါ်၊ မြှော်မြင်၊ သုံးသပ်
ဆုံးဖြတ်ချက်များက
ငါသာလျှင် ငါ့ကံရဲ့ အရှင်သခင် ပ
မြင်လိုက်ရတဒင်္ဂ၊ ပစ္စုပ္ပန်တခဏမှာ
အိပ်မက်တွေအစွမ်းကုန်ပွင့်လန်း
ခွန်အားသစ်များ ဖြိုးဝေပြည့်လျှမ်းလာခဲ့
ဘ၀ဟာ နေထိပန်းတပွင့်မဟုတ်ခဲ့ပြီ ။

ရာစုဟောင်းက လက်ပြနှုတ်ဆက်
ထားရစ်ခဲ့လည်း
ရာစုသစ်က ဆီးကြိုပွေ့ ဖက်
အနာဂတ်ရဲ့
မျှော်လင့်အိပ်မက် တမ်းတမက်စဉ်
အော်သံများကြား
တို့ ခေတ်ရောက်မှ ညံ့ကြတော့မှာလား
တို့ ခေတ်ရောက်မှ ညံ့ကြတော့မှာလား
လေ
ဆူညံသွေးပွက် သစ္စာပြုလျှက်
မဆုံးကမ္ဘာ ဥဒါန်းမကျေလေတော့ပြီ ။

အတိတ်ရဲ့ ပူပန်ကြောက်ရွံ့ မှုများကို
ပစ္စုပ္ပန်ရဲ့ခွန်အားများ ဖုံးလွှမ်းသွားတဲ့အခါ
အနာဂတ်ရဲ့ မျှော်လင့်အိပ်မက် ကြည်လင်ပီသ
ယုံကြည်ချက်နဲ့  မြင်နေခဲ့ရအခိုက်မှာ
တို့ ခေတ်ကိုရောက်ရမည် မလွဲ
တို့ ခေတ်ကို ရောက်ရမည် မလွဲပါ ။


(၂၀၀၁၊ ၈၊ ၂၇)

Saturday, December 13, 2008

မုဒိတာမြစ်တစင်း၏ ချစ်ချင်းဖွဲ့ စကား

မိတ်ရင်းဆွေရင်း သူငယ်ချင်း
နေရတဲ့ဘ၀ တခဏမှာ
ရသာချိုကိုမရှာ မလိုတမာ
အမနာပ စကားတင်းဖွဲ့ 
ဘာဖြစ်လို့ များ
ချစ်ခြင်းကို မဲ့စေခဲ့ ။


အမှန်တရားနဲ့ သစ္စာ
တဘ၀စာရှာဖွေ
ကောင်းမြတ်တဲ့စိတ်ထား
ဘာဖြစ်လို့ များ
အမှားများစေခဲ့ ။

အမြင်မတူရင် ရန်သူလိုသဘောထား
လွပ်လပ်ခွင့်ကို မလေးစား
ကျဉ်းမြောင်းတဲ့စိတ်ထား
ဘာဖြစ်လို့ များ
နှလုံးသားမှာနားခိုစေခဲ့ ။

အသုံးအနှုံးစကားလုံးထွားများနဲ့ 
သူများကိုဝေဖန်
ကိုယ်မှားရင်ဝန်ခံ
မြင့်မြတ်တဲ့စိတ်အင်အား
ဘာဖြစ်လို့ များ
ရင်ခွင်ကြားမှာမွေးမထားခဲ့ ။

ကြီးသူကိုရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနားညှာတာ
လောကနိတိတရားသင်ကြားတတ်ခဲ့
ဒါနဲ့ များတောင်မှ
ဘာဖြစ်လို့ များ
အပါယ်ငရဲတံခါးကို ဇွတ်အတင်းဖွင့်ခဲ့ ။

မိတ်ရင်းဆွေရင်း သူငယ်ချင်း
ငါ့ရဲ့ ချဉ်ခြင်း ဖြစ်စေခြင်းက
လူတိုင်းရဲ့ ရင်တွင်း
(မင်းအပါအ၀င်)
မုဒိတာမြစ်တစင်း
ချစ်ခြင်းများနဲ့ စီးစေချင် ။

(၂၀၀၁။ ဂျွန်။ ၃ )

Thursday, December 11, 2008

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း

ကိုဆောင်းရဲ့ ဆီဗုံးထဲမှာ ထားခဲ့တဲ့ မက်ဆေ့ခ်ျကိုတွေ့ တော့ ဘာရေးရမှာလဲဆိုတာ မသိဘူး
ဖြစ်ရတယ်။ အဲဒီလောက်တောင် တုံးတာ။ ကိုဆောင်းရေ၊ ခင်ဗျားနဲ့ ကျနော် အရောင်တူလှချည်ရဲ့။့ အဲဒါကြောင့်လက်ရှိဖြတ်သန်းနေတဲ့ ဘ၀ခရီးလမ်းရဲ့  မဟာအမုန်း ဆယ်ချက်လုံးကို ကဗျာလိုရေးဖွဲ့ ထုံးမိတယ်။
ကျနော့်ကိုခွင့်လွှတ်ပါဗျာ။


ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း
၁။
ကြေကွဲဘွယ် အမှတ်တရ
အထိမ်းအမှတ် နေ့ ရက်များ
အကြိမ်ကြိမ် အခါခါ
ငါတို့ ဦးညွတ်ရုံ ဦးညွတ်နေခဲ့ရ
အခြေအနေတွေ ပြောင်းလဲအောင် မပြုလုပ်နိုင်တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊


၂။
မျှော်လင့်ချက် ယုံကြည်ချက်
အတွေးအခေါ် အသိဥာဏ်များ
မြေမြုပ်သင်္ဂြိုလ်ရာ
အာဏာရှင်စနစ်ဆိုတာကို
နိုင်အောင်မတိုက်နိုင်တဲ့ ငါ့ကိုငါလည်း
ငါ မုန်းတယ် ၊

၃။
သူတပါးမြေပေါ်မှာ
တရားဝင်နေထိုင်ခွင့်လေးတခု
ရရှိဘို့ အတွက်
ဖြူစင်ခဲ့သောစေတနာ
အမှန်တရား ရိုးသားမှုများအား
ခုတုံးလုပ် ။ လုပ်စားသွားသူများကို
မတားဆီးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း
ငါ မုန်းတယ် ၊

၎။
တရားဝင်နေထိုင်ခွင့်
အခြေအနေလေးတခု ရှိလာတဲ့အခါ
ကိုယ့်နိုင်ငံသားအချင်းချင်း
စောင့်ရှောက်ကူညီရမယ့်အစား
ဇာတ်တူသားစားသူများကို မသုတ်သင်နိုင်ခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၅။
ငှက်ပျောအူဟင်းနဲ့ 
ခယောင်းလမ်း
ဆောင်းချမ်းချမ်းမှာ
ဆူးတောချုံတိုး တောင်ကုန်း တောင်တန်းတွေကိုကျော်လွှားရှေ့ တိုး
တော်လှန်ရေး ဘ၀မျိုးကို ဖြတ်ကျော်ခဲ့ပြီး
တတိယနိုင်ငံကြီးတွေရောက်တဲ့အခါ
အတိတ်မေ့ ဘ၀မေ့ အရာခပ်သိမ်းမေ့
တော်လှန်ရေးကိုပါမေ့တဲ့သူတွေကို
တပ်လှန့် မပေးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၆။
မျက်စေ့ကိုဖွင့် နားကိုစွင့်
တိုက်ပွဲဝင်ဘို့  အသင့်ဖြစ်နေတဲ့
ငါတို့ ရဲဘော်လေးတွေရဲ့ ပူပန်မှု
(လက်နက် ။ ကျည်ဆန် ။ စားနပ်ရိက္ခာ )
ငါ့ကို မီးလိုကူးစက်တဲ့အခါ
မြို့ကြီးများပေါ်က
တို့ နိုင်ငံသားတွေကတော့
ထောက်ပံ့ငွေကြေး လက်နှေးနေကြ
အာပေါက်အောင်ပြောရနဲ့ 
အပျော်အပါးမှာ စိတ်ပါလက်ပါ
ငွေကိုရေလိုသုံးနေသူတွေကို
ပြောဆို ဖျောင်းဖျ စည်းရုံးနိုင်စွမ်းမရှိခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၇။
နယ်ခြားမျဉ်းများအပေါ်မှာ
အသက်တချောင်း ရှင်သန်အောင်
ကြံဖန်မွေးယူနေရ
ပြည်သူများရဲ့  ဘဝ
လက်နက်ကိုင်ဆွဲ
တော်လှန်ရေးဆင်နွှဲနေတဲ့
တပ်ဦးက ကျောင်းသားရဲဘော်များရဲ့  ဘ၀ကို
အပြည့်အ၀ ပံ့ပိုးမှုမပေးနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၈။
နိုင်ငံအသီးသီးမှာ
အနှိမ်ခံ အဖိနှိပ်ခံ
အနိုင်ကျင့်ခံ ။ သွေးစုပ်ခံနေရတဲ့
ငါ့ နိုင်ငံသားတွေရဲ့  ဘဝ
ပြားပြားဝပ်ပြီး
ခေါင်းမထောင်နိုင်အောင်
ညှင်းပန်းရက်စက် သတ်ဖြတ်
ပညာရေး စီးပွားရေး လူမှုရေး
အစစအရာရာ စုတ်ပြတ်
လူဖြစ်ပေမယ့်
လူ့ အခွင့်အရေးမရှိတော့တဲ့
ဗမာပြည်တွင်းက ပြည်သူတို့ ရဲ့ ဘဝ
ဘ၀အမျိုးမျိုးအဖုံဖုံတို့ ရဲ့ 
မူလအစ
အာဏာရှင်စနစ်နဲ့ 
အာဏာရှင်တို့ ရဲ့  လုပ်ရပ်တွေ
ရပ်တန့် သွားအောင် ပြောင်းလဲသွားအောင်
မစွမ်းဆောင်နိုင်တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၉။
စိတ်ဓာတ်တွေက
တောင်လောက် ကြီးမြင့်ပါပေရဲ့ 
ဒီမိုကရေစီ အတွက်
တော်လှန်ရေး အတွက်
အမျိုးသားလွတ်မြောက်ရေး အတွက်
ငါ့ လုပ်ရပ်တွေက
ဇီးစေ့လောက်ပဲ ခရီးပေါက်ပါ့မလား စိုးရိမ်စိတ်နဲ့ 
ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၁၀။
လုပ်ချင်တဲ့စိတ်တွေထက်
လုပ်နိုင်တဲ့ အလုပ်တွေက
နဲနေတာကိုပဲ
စိတ်နောက် ကိုယ်မပါနိုင်
ရုပ်အခြေအနေ ယိုင်နေတဲ့
ငါ့ ကိုယ်ငါ
သေသေချာချာကြီးကို
မုန်းမိတော့တယ် ။

Tuesday, December 09, 2008

အရူးပါး

(နာဂိုယာက သူငယ်ချင်းတယောက်ပါ။ အခုတော့ ဘယ်ရောက်လို့ 
ဘယ်ပေါက်နေမှန်းမသိတော့ဘူး။သူ့ သတိရနေတာနဲ့ အာဟာရမှာ
သူရေးခဲ့တဲ့ကဗျာတွေထဲက ကျနော်ကြိုက်နှစ်သက်တဲ့ ကဗျာလေး
အားလုံးအတွက် ဝေမျှလိုက်တယ်)


အိုင်ကျူ ကမြင့်တယ် ။
လစ်ရင်ခိုးမယ် ၊ မိရင်ပြန်ပေးမယ်
မဟုတ်သလိုပြုံးပြမယ် ၊


သူတောင်းစားလိုတောင်းမယ် ၊
ရသလောက်ဝါးမယ် ၊
မသိပေမယ့် သိသလိုတတ်သလို
လိုအပ်သည်များကို လမ်းညွှန်မယ် ၊

အထက်ဆိုဖားမယ် ၊ လာဘ်ထိုးမယ် ၊ဝေယျာဝစ္စလုလုပ်ပေးမယ် ၊
အောက်ဆို ဖိမယ်၊ဟောက်စားလုပ်မယ် ၊စားခွက်လုမယ် ၊ရူးသွားအောင်မောင်းမယ် ၊

ဘာသာရေးဆို ခုတုံးလုပ်မယ် ၊ ကိုင်းရှိုင်းပြမယ် ၊
ဘိုးတော် ၊ မယ်တော် ကိုးကွယ်မယ် ၊

တရားမင်ချင်ယောင်ဆောင်မယ် ၊ တရားစကားတွေပြောမယ် ၊
ပြီးရင် ဘစ်စနက် စင်တာ တွေထောင်မယ် ။ မှောင်ခိုမယ် ၊
မတရား ဒုစရိုက်လုပ်မယ် ၊ကာရာအိုကေ မှာအပြာသီချင်းဆိုမယ် ၊
ဖဲဝိုင်း ၊ ကြက်ဝိုင်း ထောင်မယ် ၊ မူးယစ်ဆေး ပုန်း ရောင်းမယ် ၊

ဆင်မွေးမယ် ၊ဆင်လိုကျင့်မယ် ၊ ဆင်ကြံကြံမယ် ၊
သို့ သော် အထက်ဆင်ဆို ကြောက်တယ် ၊

ကျမ်းကျိန်ပြမယ် ၊ ကတိတွေပေးမယ် ၊
ပွဲတွေကျင်းပမယ် ၊ ပိုစတာတွေကပ်မယ် ၊ အသံလွှင့်မယ် ။
ပြီးရင် မေ့ချင်ယောင်ဆောင်မယ် ၊
မီဒီယာတွေကို လှေလှော်ခိုင်းမယ် ၊ မြင်းစီးခိုင်းမယ် ၊

ဘုရားကို မနက်ဆိုသွားမယ် ၊
ပုတီး ကို အမြဲလိုသလိုဆောင်ထားမယ် ၊
စေတီတွေ့ ရင် ထုံးသုတ်မယ် ၊
ဗလီတွေ့ ရင် မီးရှို့ မယ် ၊
ဘုရားကျောင်းဆို ဖြိုချမယ် ၊
ဘုန်းကြီး ဆိုထောင်ချမယ် ၊
သီလရှင်ဆီက ဆန်လုမယ် ၊

ဧည့်သည်တွေဆို
စေတနာကို မရှိသော်ငြား ၊
ထမင်းစားဖိတ်မယ် ၊ အာပလာရိုက်မယ် ၊ အလုံးကြီးကြီးတွေပစ်မယ် ၊
နားမလည်သော်ငြား ခေါင်းတဆတ်ဆတ်ငြိမ့်ပြမယ် ၊
ရေမချိုးရအောင် ပျူပျူငှာငှာ သကာတွေလောင်းမယ် ။
ကွယ်ရာမှာ ဆားပက်မယ် ၊
ကူလီကူမာလုပ်မယ် ၊

သတိပြုမိသွားရင်
ရူးချင်ယောင်ဆောင်မယ် ၊လေထီးခုန်ပြမယ် ။
အိုင်ကျူ ကမြင့်တယ် ။

ခံစားမှုဝိညာဉ် - မော(၀်)ချယ်ရီ

Monday, December 08, 2008

အနေအထိုင်မတတ်မှုများ

ကြယ်တွေ မရိုးမရွ
ကောင်းကင် ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ ထားရရင်ကောင်းမလား ၊

ခေါင်းတိုင်က မီးခိုးလို
ပါးစပ် အဟောင်းတွေထဲက
အသံဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ ။
လမ်းဆိုးလို့  ယာဉ်ပျက်တာ
ဘယ်သူ့ ကို စွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကြွေးခဲ့တာတောင်မှ
ရှေ့ ရေးက မကောင်းသေးဘူး ၊

မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့  ခေါ်လို့ ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူး ချွန်ဖို့ ပဲ လိုအပ်တယ် ။

လှသန်း
(ရနံ့ သစ်မဂ္ဂဇင်း အမှတ် ၇၀၊ ၁၉၉၉)

(ဘာရယ်လို့  မဟုတ်ပါဘူး၊ မှတ်စုစာအုပ်အဟောင်းလေးထဲမှာ ကြိုက်လွန်းလို့  ကူးထားတဲ့ ဆရာ လှသန်း ရဲ့ 
ကဗျာလေး ဝေငှလိုက်တယ်။)

Wednesday, December 03, 2008

ဘာတွေထားခဲ့မလဲ

သေလွန်ပြီးနောက် ပြန်မရောက်ဘူး
လောကလူ့ ရွာ ဤကမ္ဘာဝယ်
ရှင်သန်နေရ တခဏတွင်
နွားခြေရာခွက် ပင်လယ်ထင်လျက်
တပ်မက်တွယ်တာ မနေသာဘူး ---၊

မသေခင်ရ ဒီဘ၀မှာ
ရှာထားစီးပွား ဥစ္စာများအား
အမှန်ထင်အပ် ပုံမအပ်နှင့်
သမုဒ္ဒရာထက် ရေပွက်ပမာ
ရှိသည်သာတည်း ---၊

တမလွန်ခရီး ထွက်သွားနှင့်ပြီ
ဘာမှမပါ လက်ချည်းဗလာ
သိမှတ်ရာတည့်
သောသောညံညံ ငိုကြွေးသံလည်း
နားဝယ်မကြားသာပြီ
ဘာများတတ်နိုင်ဦးမည်နည်း ---၊

ဘ၀သံသရာ ကြင်လည်လာခိုက်
မွေးဖွားသေဆုံး လူဖြစ်ရှုံးရ
အပမ္မာဒေန သမ္မာဒေထ
မမေ့သောတရား နှလုံးသားမှာ
ဆင်ခြင်ကာထား လွတ်မြောက်လေမလား
ကြိုးစားချင်သည် ---၊

ရှင်သန်ခြင်းနောက် ကောက်ကောက်လိုက်ပါ
မရဏမင်းရဲ့  သိမ်ဖျင်းအမိန့် 
အရိပ်ပမာ ကပ်လျက်သာတည့်
ကြောက်စိတ်ကိုပယ် လူ့ ဘုံလယ်တွင်
များကျိုးကိုသာ ရှေ့ ရှုပါလျက်
စေတနာမှန်ပင် စမ်းရေလျင်သို့ 
တသွင်သွင်စီး အေးမြပြီးလျှင်
စာပန်း စာခိုင် စာငုံ စာဖူး
အထူးထူးတို့  ငါလျှင်ရေးဖွဲ့ ချင်ခဲ့ ---၊

မင်း ငါ သူ လူတကာတို့ 
လူ့ ဘုံခန်းဝါ လူတို့ ရွာတွင်
မသေခင်မှာ
ဘာတွေထားခဲ့မည်လဲ ---၊

(၂၀၀၁ ခုနှစ်က ရေးခဲ့တာလေးပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေ တဦး ဦး တိမ်းပါး
သွားတယ်လို့  ကြားတိုင်း ဒီကဗျာကို ရွတ်မိတယ်။)