Fashion Era

Thursday, November 27, 2008

ရက်စက်သောညများ၏နောက်

ဝသုန်မြေတိတ်ဆိတ်
ကြယ်မီးလုံးပိတ်
လရိပ်မသန်း အမှောင်လွှမ်းနေ
နေမင်းဘယ်ရောက် အာရုဏ်ပျောက်ခဲ့
လျှောက်ခဲ့သည့်လမ်း ခက်ခဲကြမ်းတမ်း
ဆူးပြည့်လွှမ်းလဲ ယုံကြည်ရာလမ်း
မမောတမ်းလေ အမှောင်ထွင်းဖောက်
အလင်းရောက်မည်

မျှော်ရည်ကြည်နူး အောင်ပန်းခူးမည့်
ပြည်သူ့ လက်များ တွဲယှက်သွယ်ထား
မြဲမြံခိုင်ကျည် သစ္စာရည်လျက်
ဖက်ဆစ်စံနစ်မျိုး မိစ္ဆာဆိုးအား
အမြစ်မကျန် တွန်းလှန်ဖြိုဖျက်
အောင်ပွဲဆက်ရန် တို့ ပြည်သူများ

“အကြောက်တရား ရိုက်ချိုးထားလော့
မတရားတဲ့ အမိန့် အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြလော့
မြို့ ရောတောအနှံ့  ဒီမိုကရေစီခေတ်ကြီး
တည်ဆောက်ကြလော့
အင်နှင့်အားနှင့် မနှေးပါဝင်
တိုက်ပွဲဝင်လော့”


အမှောင်ညများ ကုန်ဆုံးလွန်မြောက်
တမိုးသောက်သော အရှေ့ ဆီမှ
ဖိတ်လျှံအံကျ ရောင်နီစများ
လမ်းပြသယ်ဆောင် ဤလူ့ ဘောင်တွင်
အမှန်မုချ ကြုံတွေ့ ရမည်

“ပြည်သူ့ အာဏာခေတ်သာတည်း
ချိုးဖြူငှက်တို့ ပျံစေသတည်း
ခွပ်ဒေါင်းအောင်လံလွှင့်လွှင့်တည်း”

Wednesday, November 26, 2008

အကြွေး

( အစ )
အလင်း ပြီးတော့ အမှောင်
တနေ့  ပြီးတော့ တနေ့ 
ငှက်ကုလားအုပ်များလို
ဦးခေါင်းကို
သဲမြေထဲဝှက်ထား
နေခဲ့ရနှစ်ကာလများစွာ ----၊

( အလယ် )
တော်လှန်ရေးတခုမှာ
အသက်သွေး ချွေး
စတေးပေးဆပ်ရမယ်ဆိုတာ
ငါတို့  လက္ခံပါရဲ့  ----၊

ဆုံးဖြတ်ချက်တိုင်းမှာ
စိတ်ခံစားမှုကို ဦးစားမပေး
ဦးနှောက်နဲ့  စဉ်းစားပေးရမယ်ဆိုတာလည်း
ငါတို့  နားလည်ပါရဲ့  ----၊

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးရမယ်ဆိုတာလည်း
ငါတို့  သိပါရဲ့  ----၊

(၁၉၉၀) ရွေးကောက်ပွဲရလဒ်ကိုလည်း
ငါတို့  ဆုပ်ကိုင်ထားပါရဲ့  ----၊

စီအာပီပီ ကိုလည်း
ငါတို့  အပြည့်အ၀ ထောက်ခံပါရဲ့ ----၊

စားပွဲဝိုင်း အတူထိုင်
တွေ့ ဆုံဆွေးနွေးပွဲစကား
ငါတို့  မတားခဲ့ပါဘူးကွဲ့  ----၊

( အဆုံး )
နားထောင်စမ်းဟေ့
ရှေ့  နောက် ၀ဲ ယာ
အသံတွေကြားရ

သင်ပုန်းချေရေးတဲ့လား

ဟေ့ --- ဒီမှာကြည့်စမ်း
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ အသက်တချောင်း
ရခဲကောင်းသတဲ့ ----။

ငါတို့  မသိစိတ်ရဲ့ စွဲလမ်းမှုမှာ
ဟာမူရာဘီ ကိုဓ ဥပဒေလိုသာ

မျက်လုံးတလုံးကို
မျက်လုံးတလုံးခြင်း

လက်တဖက်ကို
လက်တဖက်ခြင်း

အသက်တချောင်းကို
အသက်တချောင်းခြင်း


ငါတို့  ရဲဘော်တွေအတွက်
ရင်းစားပြန်ရချင်တာ တခုပါဘဲ -----၊

Tuesday, November 25, 2008

ခွင့်မလွှတ်ပါနဲ့  မေမေ

- နင့်နင့်သည်းသည်း
နာကျည်းမှုတွေနဲ့ ပါ မေမေရေ
ကျနော်တို့ မှာ ရှိသမျှ
အကုန်ထုတ်ရှိုးခဲ့ပါရဲ့ 
ဒါနဲ့ များတောင်မှ
ကံကြမ္မာရက်စက်ပုံက
နှင်းဆီတပွင့်တောင်
(ကျနော်တို့ အတွက်)
မဖူးပွင့်ခဲ့ဘူး ၊

- မွတ်မွတ်သိပ်သိပ်
အလွမ်းတွေ ရင်နဲ့ အပြည့်ပါ မေမေရေ
ကြေမွနေတဲ့
တိုင်းပြည်ကြီးထဲကို
ကွဲအက်နေတဲ့ နှလုံးသားထဲက
အလွမ်းတွေ နေ့ တဓူဝ
တမ်းတမ်းတတနဲ့  ပစ်သွင်း
ချိုးငှက်တွေတောင်မှ
(ကျနော်တို့  ကိုယ်စား)
ပျံသန်းခွင့် မရရှာကြဘူး ။

- တရှိုက်ရှိုက် တငင်ငင်
မျက်ရည်မြစ်မိုး
တာရိုး ကျိုးသလိုမျိုးပေါ့ မေမေရေ
မိခင်တို့ ရဲ့  မျက်ဝန်းထဲမှာ
ကလေးသူငယ်တို့ ရဲ့ 
အနာဂတ် အပိုင်းအစများ
အစိတ်စိတ် အမွှာမွှာ
ပုံရိပ်ထင်လို့ 
ချစ်သူတို့ ရဲ့  မျက်ဝန်းထဲမှာ
မျှော်လင့်ခြင်း နေ့ ရက်များကို
မမျှော်လင့်ရဲတော့တဲ့
ပူဆွေးသောကများ
စွန်းထင်းလို့ ။

- နာနာကျည်းကျည်း
ခံပြင်းမှုတွေနဲ့ ပါ မေမေရေ
အနာဂတ်ဆိုတာကြီးကလည်း
ထုတ်သုံးမရတဲ့
ဒုတိယကမ္ဘာစစ်လက်ကျန်
ပစ္စည်းကြီး တခုလိုမျိုး
မနက်ဖြန်နေ့ များ ကို
မျှော်ရလွန်းလို့ 
ဒီနေ့ တွေကိုလည်း
မေ့လျော့လာခဲ့ကြ
တဖြည်းဖြည်းနဲ့ 
ဘုရားသခင်ကိုတောင်
အယုံအကြည် မဲ့မဲ့လာတယ် ၊

- ခွင့်မလွှတ်ပါနဲ့  မေမေရေ
( မိသားစုကို ပစ်ခွာသွားတဲ့သားအပေါ် )
စစ်အာဏာရှင်စနစ်အောက်က
တိုင်းပြည်ကို လွတ်မြောက်ချင်တဲ့
စိတ်တခုကလွဲလို့ 
ကျနော်တို့ ရဲ့  ရင်ထဲမှာ
ဘာတခုမှမရှိတော့ ။

(၂၀၀၆ ဇူလိုင် မှာ ရေးခဲ့တဲ့ကဗျာ)

Saturday, November 22, 2008

ကျောပေါ်က တောင်ယာများ

ကျောပေါ် က တောင်ယာများ
ချိုစိမ့်
နိုဝင်ဘာ ၂၂၊ ၂၀၀၈


သစ်ခြောက်ပင်ပျောက်

တတောလုံး မီးခိုးလွှမ်းခဲ့ရ

သူဟာ အမာဆုံး သစ်သား

ပြီးတော့

သူ့ အနှစ်အသားတွေကို

ချစ်လွန်းလို့ ပေးဆပ်နေသူ

သူရင် နဲ့ ထုဆစ်ခဲ့တာ

ဖွေရှာမရနိုင်သေးတဲ့

လူတွေ , ဥစ္စာတွေ ကတော့

အပြို အပျက်

ဒီလိုပဲ

တိမ်ဝှက် ကစားကြတဲ့ အခါ

အံကြိတ် သက်မချ

သင်္ခါရ ဆိုတာလည်း

နေသေးသပ ပေါ့

မီးရှို့ တောင်ယာတွေ ကျောပေါ်တင်

ယာခင် တခွင် လှည့်ကြည့် ဖို့

ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့၊၊

ရဲဘော် တိုက်မောင်း၊ ရဲဘော် ထက်မိုး၊ ရဲဘော် ဂုရု နဲ့ အခြား ရဲဘော်များသို့
၂ဝ- ၁၁- ၂ဝဝ၈

(မိုးမခမှ ကူးယူးဖေါ်ပြပါသည်။)

Friday, November 21, 2008

ပျမ်းမျှလူ့ သက်တမ်းတခု



ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
သတ္တ၀ါနဲ့  လက်နက်မမျှတဲ့
ပျှမ်းမျှ လူ့ သက်တမ်းတခုဟာ
ဒင်းတို့ ရဲ့  လက်ထက်မှာ
ဒင်းတို့ ရဲ့  ပါးစပ်ထဲမှာ
လိုသလို ပုံသွင်းထားကြ ။

ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
အရှေ့  အနောက် တောင် မြောက်
အကျဉ်းထောင်တွေထဲ ရောက်ကုန်ပြီ
စာနာကင်းမဲ့မှုတရား
ဒီခေတ်ကြီးထဲမှာ ကြီးထွားလာပြီ ။

ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
သက်ရှိလူသားတွေ မဆိုထားနဲ့ 
သက်မဲ့ရုပ်ထုတွေတောင်မှ
အသုံးချ လှည့်ဖျားခံရ ခေတ်ကြီးထဲမှာ
ခင်ဗျားတို့  ကျနော်တို့ ရှေ့ မှာ
ခေါင်းဆောင်ပီသစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့
အာဇာနည်များရဲ့ သွေး စွေးစွေးနီဆဲပါ
ခင်ဗျားတို့  ကျနော်တို့ ရဲ့ သွေး စွေးစွေးနီရဲ့ လား
အိမ်အပြန်လမ်းမှာ သေချာစဉ်းစား
ခြောက်ဆယ့်ငါးနှစ်ဆိုတာ
လူတယောက်ရဲ့  ပျှမ်းမျှသက်တမ်း
မြန်မာပြည်ရဲ့  စစ်တမ်းအရပါ ။

ခြောက်ဆယ့်ငါးနှစ်တဲ့လားဟေ့
မောက်မာစော်ကားရိုင်းပြတဲ့သူတွေ
ငါတို့ ပြည်သူတွေက
ရှစ်လေးလုံးစိတ်ဓာတ် သက်သေ ပြခဲ့ပြီးပြီပဲ
ခွပ်ဒေါင်းစိတ်ဓာတ် သက်သေပြခဲ့ပြီးပြီပဲ

စစ်အုပ်စုရေ နေနှင့်ဦးဟေ့

ငါတို့  ပေအဖြစ်က ရုန်းထွက်
တူတလက် ဖြစ်လာတဲ့အခါ

တူတလက် ဖြစ်လာတဲ့အခါ

တူတလက် ဖြစ်လာတဲ့အခါ ။

ဂုရုရေ


ဂုရုရေ
လက်မပြ နှုတ်မဆက်ပဲ
ရုတ်တရက်ကြီးကို
ခင်ဗျား တိတ်တဆိတ်ထွက်ခွါသွားခဲ့ပေါ့ ။

ဂုရုရေ
မယုံနိုင်စရာ
ကြေကွဲစိတ်ဟာ
ကိုယ် စိတ် နှလုံး
သုံးပါးလုံးကို ဆွံ့ အ စေခဲ့ပြီ။

ခင်ဗျားနဲ့ ကျနော်
ခရီးတခုကို အတူသွားဘူးခဲ့
မယ်လအူး စခန်းမှာ
ရက်တချို့ အတူနေဘူးခဲ့
မဲဆောက်က ကိုလွမ်းဏီအိမ်မှာ
ညနေခင်းတချို့ ကို
အရေဖျော်သောက်ဘူးခဲ့။

ဂုရုရေ
အခုတော့ဗျာ
တော်လှန်စစ်ကို ချစ်တဲ့
ကဗျာတွေကို တပ်မက်တဲ့
ရန် ငါ စည်းပြတ်တဲ့ ခင်ဗျား
အိမ်အပြန် စောလွန်းလှချည်ရဲ့ ။

ကြေကွဲမှုရဲ့ ကောင်းကင်မှာ
ဒေါင်းသံနဲ့ ဒေါင်းအလံတွေ
လရောင်ကိုထိုးဖောက်
ခင်ဗျားကို စောင့်နေလေရဲ့ ။

(ကမ္ဘာမြေရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တယောက်ကို ဆီးကြိုပေတော့။
ရောက်ရာဘ၀မှာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်သူ ဖြစ်ပါစေ။)

နေလို လ လို ရဲဘော်နေလ

“နေလို လ လို ရဲဘော် နေလ”
လင်းနွေးအိမ်
နိုဝင်ဘာ ၂၁၊ ၂၀၀၈


ဂုရုရေ

အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့

တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ

ဌာနတွေမတူခဲ့ကြပေမယ့်

ဝါဒတွေတူခဲ့ကြတယ်။


ဂုရုရေ

ဆေးလိပ်တိုလက်ကြားညှပ်ပြီး

အဆိပ်ငွေ့တွေရှူရှိုက်ရင်း

အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ

ပါဒတွေတူခဲ့ကြတယ်။



ဂုရုရေ

မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ

သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ

စရဏတွေ တူခဲ့ကြတယ်။



အခုတော့

ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ

ချွန်မြနေတဲ့ကလောင်တချောင်းက

မြင့်ဇေဘလောက်ထဲကထွက်လာတယ်

အဲဒါ ဂုရု ဖြစ်တယ်

အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်

အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်

အဲဒါ ကိုနေလ ဖြစ်တယ်

အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်

အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။



ရဲဘော်ဂုရုရေ

စိတ်ချလက်ချသွားပေတော့

ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ

ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။



(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)

(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

Tuesday, November 18, 2008

တောင့်တစိတ်

(လွန်ခဲ့တဲ့ ၁၀နှစ်က ရေးခဲ့တာလေးပါ)

·· အမိဝမ်းကထွက်စ
အူဝဲလို့ အော်ရကထဲက
လိုချင်တောင့်တမှုတွေနဲ့ 
စခဲ့ရတဲ့လူ့ ဘ၀ ၊

·· အရွယ်ငယ်သေး ခလေးဘဝ
ဖြတ်သန်းစမှာ
‘ဖိုးလမင်းကြီးရေ
ထမင်းဆီဆမ်း ရွေလင်ဗန်းနဲ့ 
ပေးပါ ပေးပါ ပေးလှည့်ပါ’
အမေ့ဆိုတေး အရိပ်အေးမှာ
မျက်တောင်ဖွင့်ပိတ်
တောင့်တစိတ်နဲ့ 
အိပ်မက်များလဲ မက်ဖူးခဲ့ ၊


·· အရွယ်ရဲ့ ပြောင်းလဲခြင်းဖြစ်စဉ်
ကြီးပြင်းခြင်းဝင်ရောက်တဲ့အခါ
တောင့်တအိပ်မက်များ
အလုံးအထည်နဲ့ ဖွံ့ ဖြိုးလာခဲ့ကြ
လေပြင်းမုန်တိုင်း လှိုင်းထန်ပင်လယ်
လောကအလယ်မှာ
တောင့်တလိုချင်စိတ်တွေ
ကြိတ်မှိတ်မြိုသိပ်ထားတဲ့ကြား
ဘ၀ရဲ့ လိုအပ်ချက်များ
ဖြည့်ဆီးလို့ မကုန်နိုင်ပါလား ၊

·· တောင့်တစီတ်ရဲ့ နောက်ကလိုက်ပါ
လောဘ ဒေါသ မောဟ မီးများ
ဖိဆီးလောင်မြိုက်တဲ့အခါ
ဘ၀ဟာ သောကနဲ့ 
အမှောင်တိုက်ပါပဲ ၊

·· အသိဥာဏ် အလင်းတန်းများ
ထိုးဖေါက်ဝင်ရောက်
အမှောင်တိုက်ထဲက လွတ်မြောက်တဲ့အခါ
လောဘ ဒေါသ မောဟများကိုခါချ
လောကကြီးလဲသာယာလှပ
လူသားအားလုံးချစ်ခင်ကြင်နာကြ
အဲဒီအခါ
ငါ့စိတ်ကလိုချင်တောင့်တ
မေတ္တာရေကြည်တပေါက်သာပ ။


Saturday, November 15, 2008

ခါတရံ မိုးရွာစေသတည်း

အပြင်းစားနတ်ဖုရားတပါးရဲ့ 
ဂီတသံလိုမျိုး
သည်းမခံနိုင်တဲ့အဆုံး
မျိုသိပ်ထားသမျှ
အကုန်အန်ချပစ်လိုက်တယ် ။


ပေါ့ပါးသွားမလား
လျော့ပါးသွားမလား
ခါးခါးသီးသီး နာကျည်းမှုများက
အငွေ့ ပျံ ကောင်းကင်ယံတက်
မျက်ဝန်းမှာ မိုးတိမ်တွေဖွဲ့ ခဲ့ယုံကလွဲလို့ ၊

ဒီမှာ
ရောက်နေတဲ့ဘ၀ ဖြစ်လာသမျှကို
မကျေမနပ်ဖြစ်နေမယ်ဆိုရင်
ဘ၀မှာ မနေတတ် မသေတတ်နဲ့ 
ကျေနပ်စရာ ဘာတခုမှမရှိတော့တဲ့အဆုံး
နေထိုင်မှုစနစ်တခုလုံး လုံးပါးပါးပြီ ၊

တကယ်ဆို
ဦးနှောက်တခုရဲ့  အသိဥာဏ်
နှလုံးသားတခုရဲ့  ခွန်အား
ကြံ့ခိုင်သွားမလား
ယိုင်နဲ့ သွားမလား
ဖြစ်ခြင်း ပျက်ခြင်းတရားများ
ဝေ့၀ါးသွားပြီ ၊

အမှန်တရားရဲ့ ရှေ့ မှာ
တထွာတည်းသောသမုဒ္ဒရာကာဆီး
ဘ၀ရဲ့  မကင်းရာ မကင်းကြောင်း
သံယောဇဉ် နှောင်ကြိုးတွေကလည်း
တဆူဆူ တပူပူ ငြူစူနေတဲ့အခိုက်မှာ
ဝေဒနာတွေက ရေစီးကမ်းပြိုလိုက်လို့ 
ကိုယ် ကိုယ်တိုင်က ခါချဉ်ကောင်မာန်ကြီးနေဆဲ ၊

ယုံကြည်ရာ သစ္စာတရား
သမုဒ္ဒရာအထပ်ထပ်ကိုကျော်လွှား
ငါ ဆိုတဲ့အတ္တများကိုဖယ်ရှား
ဖယ် ရှား လိုက် တဲ့ အခါ
အဲဒီကစ
ဘ၀မှာ မိုးခေါင်တော့တာပါပဲ ၊

နှလုံးသားရဲ့  အနက်ရှိုင်းဆုံးတနေရာမှ
‘ဖေါ်ဝေး’ ရဲ့ ကဗျာတစ
နာကျင်စွာ ရင်ကိုထိရှ နိုးထလာခဲ့

·မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ ပုံတူတခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များ အငွေ့ ပျံ
ခါတရံ မိုးရွာစေသတည်း ။



(· ၃ ။ ၇ ။ ၁၉၇၈ တွင်ကွယ်လွန်ခဲ့သော
ကဗျာဆရာဖေါ်ဝေး.
ကဗျာစုများမှ )


တိုက်မောင်း(သို့ )သတ္တိတသောင်းအောင်ပွဲ

(ဒီနေ့ စာအုပ်စင်ရှင်းတော့ ကိုတိုက်မောင်းရဲ့ 
ဝိရောဓိလွင်ပြင်နှင့်သတ္တိတသောင်းအောင်ပွဲစာအုပ်ကလေးပြန်တွေ့ တယ်။
ပြီးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တိုက်မောင်းတမ်းခြင်းဆိုပြီးရေးခဲ့တဲ့ ကဗျာလေးပြန်တွေ့ လို့  ပြန်လည်ဖေါ်ပြလိုက်ပါတယ်။)


အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရ ပြီ ၊
ဒါပေမယ့် သံမဏိစိတ်ဓာတ်တွေက
ငါ့နှလုံးသားမှာ ရှင်သန်ကျန်ရစ်ခဲ့ ၊

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် တော်လှန်ခွန်အားတွေက
ငါ့ရင်တွင်းမှာ နက်ရှိုင်းစွာအမြစ်တွယ်ရစ်ခဲ့ ၊


အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် အရှုံးမပေးတဲ့ စိတ်ဓာတ်တွေက
ငါ့ကို ရိုက်ပုတ်နှိုးခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် အမှန်တရားနဲ့  လွတ်လပ်မှုကို
မြတ်နိုးတဲ့ စိတ်တွေက
ငါ့သွေးကြောထဲ စီးဝင်ပျံ့ ခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် မြင့်မြတ်တဲ့ စွန့် လွှတ်မှုနဲ့ 
ငါတို့ ကိုဒီမိုကရေစီ အလင်းရောင်ပေါ်
ခေါ်ဆောင်သွားခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် ဖိနှိပ်ရက်စက်တဲ့အစိုးရကိုတော်လှန်
ဒီမိုကရေစီ ရရှိဘို့ အတွက်
ခေတ်အဆက်ဆက်က
ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတို့ ဝိဥာဉ်
(ခင်ဗျားအပါအ၀င်)
ပူးဝင်ပေါင်းစည်း
ငါတို့ ရင်ထဲက ဒီမိုကရေစီလိုချင်တဲ့မီးကို
အားဖြည့် ပေးခဲ့ကြ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် ခွပ်ဒေါင်းတွေလိုရဲရင့်
ချိုးငှက်များလို ငြိမ်းချမ်းသိမ်မွေ့ 
ဒီအတွေ့ တွေ
ခင်ဗျားရဲ့  ကဗျာတွေမှာ ထင်ဟပ်နေခဲ့။

ဒီမိုကရေစီသူရဲကောင်းတို့ ရဲ့ ပြယုဂ်
ခင်ဗျားလုပ်ခဲ့တယ်
ဒီမိုကရေစီသူရဲကောင်းတွေရဲ့ ဝိဥာဉ်
(ခင်ဗျားနဲ့ အတူ)
ရှင်ပြန်ထမြောက်
အောင်ပွဲရောက်စေသော်ဝ် ။

Thursday, November 13, 2008

“နှစ်ကာလများ”

ရက်စက်သောနေ့ များ
ရက်စက်သောညများ
ကမ္ဘာမြေ၏ သူစိမ်းတရံ ဆံမှုများ
ပိုင်ပိုင်နိုင်နိုင် ထွေးပိုက်ခွင့်မရခဲ့သော
လောကပါလတရားများ ၊

အစွယ်လိုသူ
အသွားစေခိုင်းသူ
လေးပစ်သူ အားလုံး
ချစ်ခြင်း မုန်းခြင်း၏ အခြားတဖက်နိဂုံး
မိုးကောင်းကင်တခုအောက်ထဲမှ
မမြဲသော ဘ၀တို့ ၏ စာမျက်နှာများ ၊

အကွေ့  အကောက် အဖြောင့်
အဝေ့ အ၀ိုက် အနိမ့် အမြင့်
ကစင့်ကလျား ၀ိုးတိုးဝါးတား
လွတ်လပ်စွာတွေးခေါ်နိုင်သော
ပုံသဏ္ဍန်များ ပျက်ပြား
ရာသီဥတု မိုးလေ၀သ
ဖြစ်ခြင်း ပျက်ခြင်း သဘောတရား
ယုံကြည်မှု မျှော်လင့်ချက် ချွတ်ချော်တိမ်းပါးမှုများ ၊

မြစ်အား အလျားလိုက် ဖြတ်ကူးနေကြသော
တကိုယ်ရည် ကိုယ်ရည်သွေးတီးလုံးများ
စနစ်တကျ သိုလှောင် သိမ်းဆီးထားသော
ခါးပိုက်ထဲမှ မွေပွေးများ
ဒါးရိုးကမ်းနေခဲ့ကြသော နှစ်ကာလများ
နေ့ တဓူဝ မျိုချနေရသော သက်ပြင်းများ
ထိုအရာအားလုံးတို့ 
ငါတို့ ခေတ်မှာ မပြီးဆုံးကြတော့ဘူးလား ၊

ကောင်းကင်မှာတော့
ကြယ်တွေ တစင်းပြီးတစင်းကြွေ
ဒါပေမယ့် ငါယုံတယ် ။
နှစ်ကာလများထဲမှာ
သူရဲကောင်းကြယ်စင်များ
တပွင့်ပြီးတပွင့် ဝေနေဦးမှာ အသေအခြာပါပဲ ။
အခုတော့ မြေခွေးအုပ်တို့ ရဲ့ လက်ထဲမှာ
တရားကို နတ်မစောင့်တော့ဘူး
တရားကို တရားကလဲ မစောင့်တော့ဘူး
သမိုင်းရဲ့  သွေးစွန်းနေ့ ရက်များ
နှစ်ကာလကြာရှည်စွာ
ငါတို့ ကိုစောင့်စား တိုက်ပွဲခေါ်သံကြားမှာ ။




Tuesday, November 11, 2008

ရဲဘော်ကြီး နေဘုန်းလတ်

နာကျင်ကြေကွဲမှုရဲ့ အတိုင်းအဆ
ဘယ်လိုအရာမျိုးနဲ့ နှိုင်းပြရမှာလဲ
စကားလုံးတွေက
ရှားပါးလှချည်ရဲ့  ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
အနှစ် နှစ်ဆယ်တဲ့လား

ကျန်ခဲ့တဲ့ အနှစ် နှစ်ဆယ်မှာ
ရဲဘော်ရဲ့  ရင်ထဲက
လွတ်မြောက်ရေးတေးသွားသံဟာ
အမှန်တရားနဲ့  လွတ်လပ်ခြင်းရဲ့ ပြယုဂ်
အမျိုးသားရေးကို သီကျူးတဲ့ သီချင်းတပုဒ်
ဟုတ်တယ့့်  အမျိုးသားရေးကို သီကျူးတဲ့
သီချင်းတပုဒ် ဆိုတာ ငါတို့ ယုံတယ် ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
နုနယ် ပျိုမျစ်တဲ့ ရုပ်ခန္ဓာကိုသာ
ချုပ်နှောင်တားဆီးလို့ ရမယ်
ရဲဘော်ရဲ့ ရင်ထဲက ပြင်းပြတဲ့စိတ်ဆန္ဒကို
ဘယ်လိုအရာမျိုးကမှ
ချုပ်နှောင်တားဆီးလို့  မရနိုင်ပေဘူး၊
ဘယ်လိုအရာမျိုးကမှ
ပြိုကွဲပျက်ဆီးအောင် မစွမ်းဆောင်နိုင်ပေဘူး၊

ရဲဘော်ကြီး နေဘုန်းလတ်ရေ
သံမဏိစိတ်နဲ့ ရှေ့ သို့ သာရဲရဲချီကွဲ့ 
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ။

အမေ့လွမ်းခြင်း


(ကျနော်တို့ ကို သွန်သင်ဆုံးမ ပဲ့ပြင်ပေးတဲ့ လမ်းညွှန်ပြပေးတဲ့ ကျနော်တို့ ချစ်တဲ့ အမေ လူထုဒေါ်အမာရဲ့ မွေးနေ့  မကြာမှီ
ရောက်ရှိလို့ လာပါတော့မယ်။ ၂၉ နိုဝင်္ဘာ ၂၀၀၈ မှာ အမေ့အသက် ၉၃နှစ်ပြည့်ပါပြီ။ အမေ မရှိတော့တဲ့နောက်မှာ အမေ့စာတွေကို
ပြန်ပြန်ဖတ်မိလေ အမေ့ရဲ့ တန်ဖိုးကိုပိုပိုပြီး တမ်းတမိလေဖြစ်လာရတယ်။ အခုတော့ ကျနော်တို့ မှာ အမိမဲ့သား ရေနည်းငါး ပမာဖြစ်ရပြီ။
အမေ့ရဲ့ ၉၁ နှစ်ပြည့် မွေးနေ့ ကဗျာလေးကိုပြန်ဖေါ်ပြလိုက်ပါရဲ့ ။)

အမေ့လွမ်းခြင်း

မတရားဖိနှိပ်မှုများ
နှစ် ရက် လ ကြာရှည်လာတော့
“အမေ့တသက်
ဒီခေတ်လောက် ဆင်းရဲတာ
လူတွေ ဒုက္ခဖြစ်တာ မကြုံဖူးဘူး
အဲဒီ ဆင်းရဲနေတဲ့ လူတွေကို
ကိုယ်စားပြုမယ်ဆိုရင်
မင်းတို့  ရပ်တည်ချက်မှန်မှာပဲ ”
ဆိုတဲ့
အမေ့ရဲ့  ဆုံးမ လမ်းညွှန်ပြတဲ့စကား
အဝေးရောက်အမေ့သားသမီးများ
နှလုံးသားနဲ့  ဆတ်ဆတ်နာကြားခဲ့ရပါတယ်အမေ ၊

တကယ်တော့အမေရယ်
အမေ့မွေးနေ့ တွေမှာ သားတို့ တတွေ
ကဗျာတွေရွတ်ကြ
ဆုတွေတောင်းကြ
အမေ့ရဲ့  ဂုဏ်ပုဒ်တွေကို ဖော်ကျူးကြ
အမေ့ရဲ့  စာပေသမိုင်းကို မော်ကွန်းထိုးကြ
အဲသလို လုပ်ပေးရုံကလွဲလို့ 
လူထုအတွက်
သားတို့  ဘာတာဝန်များကြေပွန်ခဲ့ကြလေသလဲ
အမေ့အရိပ်ကိုခိုပြီး
သားတို့  ဆိုးခဲ့ မိုက်ခဲ့ သမျှ
ခွင့်လွှတ်ပ အမေ ၊

သံမဏိနှလုံးသား
ယုံကြည်ချက်န့ဲ အမှန်တရားတို့ ရဲ့ ပြယုဂ်
အဲဒီဇာတ်ထုပ်ထဲမှာ
ရာဇ၀င်နဲ့ မန္တလေးလဲပါတယ် ။
လူထုဦးလှနဲ့ လူထုဒေါ်အမာလည်းပါတယ်။
ရာစုတ၀က်ကျော်
အာဏာရှင်ကိုတော်လှန်ခဲ့တဲ့
တော်လှန်နေဆဲ (၉၀)ကျော် အမေ
သက်တော်ရာတော် ရှည်ပါစေ။
မြန်မာပြည် အမှောင်ပျောက်ပြီး
အလင်းရောက်ချိန်မှာ
အမေ့ကိုမျက်ဝါးထင်ထင်
တွေ့ မြင် ကန်တော့ရလိုပါ၏ ။

(အမေလူထုဒေါ်အမာ (၉၁)နှစ်ပြည့်မွေးနေ့ သို့ )


Friday, November 07, 2008

ညီညွတ်ရေးပန်းတိုင်

၁၊
အားနည်းချက်၊ အတ္တ၊ မိုက်မဲမှုတွေကို
ယုံကြည်ချက်ဆိုတဲ့စကားလုံးနဲ့ ဖုံးထား
လတ်ဆတ်မှုမရှိတဲ့ ဦးနှောက်များ
မမှည့်ခင်ထဲက ပုတ်သိုးကုန်ကြပြီ ။

၂၊
လက်တွေ့ မပါ အနှစ်ဗလာ
စကားလုံးတွေဖေါက်ခွဲနေရုံနဲ့ 
ဘ၀တွေဒီထက်ပိုထူးမလာခဲ့
ငှက်ကုလားအုပ်များလို
ဦးခေါင်းကိုသဲမြေထဲဝှက်ထား
နေခဲ့ရနှစ်ကာလများ
ရာစုတ၀က်ရှည်လျားစွာ
အချိန်ရာသီတွေမှာတော့
သူတို့ ရဲ့  ၀တ္တရားကိုထမ်းပိုလျက်ပါပဲ ။

၃၊
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင်ရိပ်သိမ်းခွင့် မရတဲ့ဘ၀တွေများပြား
ညီညွတ်ရေးသွေးကကျဲပါးနေဆဲပါလေ
ဘယ်အရာကိုများစောင့်စားနေတာလဲ
“မိုးဟာမက်ဆီတောင်ကြီးကမလာရင်
တောင်ကြီးရှိရာမိုဟာမက်သွားရမှာပဲ
စနစ်တွေပုခုံးပြောင်းပြီး
ခေတ်တွေကဘ၀ဟောင်းကို
အရှိန်ပြင်းပြင်းဖြတ်ကျော်နေဆဲ
အသဲရဲရဲ သွေးရဲရဲထဲ
ဦးနှောက်အားလဲမနဲစေနဲ့ 
ဘုရားသခင်အလိုတော်ရတော့ မဟုတ်ဘူပေါ့၊

၎၊
ဒီမိုကရေစီလိုချင်တဲ့မီး
(ခင်ဗျားတို့ ကျနော်တိုရင်ထဲ)
တငြီးငြီးတောက်လောင်
မှန်ကန်တဲ့အလင်းရောင်
အမှောင်ကမ္ဘာကို ထွင်းဖေါက်
သွားရမယ့်လမ်းတလျှောက်
ဒူးမထောက်၊ လက်မမြှောက်
လိုချင်တဲ့ပန်းတိုင်ရောက်ရမယ်၊
၅၊
မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ 
အသက်စွန့် သွားကြတဲ့
အာဇာနည်သူရဲကောင်းတို့ ရဲ့ ဝိဥာဉ်
ပေါင်းစပ်စီးဝင် လူထုလိုအင်
အာဏာရှင်တွေကိုသုတ်သင်
အောင်ပွဲဆင်ဘို့ 
အဘိုးမှိုင်းရဲ စကား တို့ တတွေနာကြား
“အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း--- ထထကြွကြွန့ဲ ၀ိုင်းကြပေရော့  ။

၂၃။၇။၂၀၀၁


အရောင်တူငှက်များအကြောင်း

ငါတို့ ဟာ
ကိုးကွယ်ရာ ဘာသာအသီးသီးရဲ့ 
ဘုရားသခင်များ ဖန်ဆင်းညွှန်ကြား
တရားဓမ္မများနဲ့  ကြီးပြင်းလာတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
လောကပါလ - နီတိတရား
အကောင်းအဆိုးများနဲ့ 
အကြောင်းအကျိုးများကို
ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး
လူသားဘ၀ကို အလေးထားတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
လောကရဲ့ ဓမ္မတရား
လွပ်လပ် ညီမျှ တန်းတူအခွင့်အရေးများ
တပ်မက်ကျင့်ကြံသွားချင်တဲ့ဆန္ဒပြင်းပြ
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
အဓမ္မတရားများကို
ရွံရှာစက်ဆုပ် - ဆွဲဆုတ်ပစ်ဖို့ 
ဦးတည်ဆန္ဒ တူညီကြတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
အမြင်မတူရင်
ရန်သူလိုသဘောမထား
လွပ်လပ်စွာကွဲလွဲခွင့်ကိုလေးစား
ဒီမိုကရေစီစနစ်ကိုမြတ်နိုးစိတ်ထားနဲ့ 
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
စည်းလုံးညီညွတ်မှုကို တန်ဖိုးထား
နိပါတ်တော်ထဲက ဇာတ်တူသားစားလို့ 
ဟင်္သာကိုးသောင်းပျက်စီးကြောင်းတရား
ကောင်းကောင်းကြီးနားလည်ထားတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
ကြီးနိုင်ငယ်ညှင်း
မင်းမဲ့စရိုက်ဆန်ခြင်းဝါဒများနဲ့ 
မတရားအုပ်ချုပ် မင်းလုပ်နေတဲ့
အာဏာာရှင်ငမိုက်သားများကို
နောက်ဆုံးသွေးတစက်ကျန်သည့်အထိ
တိုက်ပွဲဝင်သွားမယ့်
အရောင်တူငှက်များဖြစ်ကြတယ် ။

Monday, November 03, 2008

“ကြေမွသွားသော အိပ်မက်များ”

ရေပြင်ကျယ်ကြီးရဲ့ 
ရက်စက်မှုအောက်မှာ
သေကံမရောက် သက်မပျောက်ခဲ့ရပေမယ့်
ရှင်လျက်နဲ့ 
ဘ၀ပျောက်ခဲ့ရပြီ ညီမလေးရေ ၊

“အတူနေရရင်
သိပ်ပျော်မှာပဲ”
“ဒီတမိုးကုန်ရင်
အဘတို့ ဆီ လာတောင်းလှည့်”လို့ 
ချိုပျားသကာ စကားဆိုရာ
ရွာထိပ်ချောင်းနဘေးက
ပင်ညောင်အိုကြီးလဲ
ဘယ်ဝယ်ဘယ်ဆီ ရောက်သွားပြီလဲ ၊

သံသာလေကမ်းတိုင်
တူပြိုင်ကာလှမ်းနိုင်ဘိုအရေး
သစ္စာတေးသွားသီကျူးခဲ့ရာ
ရွာဦးကျောင်း ရွာဦးစေတီနဲ့ 
ချစ်ရသော ညီမလေးကို
နာဂစ်ရေ
ဘယ်ကိုများ ခေါ်ဆောင်သွားလဲကွဲ့ ၊

ဘယ်အရာမှ
မသေခြာတော့ဘူးဆိုတာ
သေခြာသွားပြီးတဲ့နောက်
ကြေကွဲမှုလရောင်အောက်မှာ
တရားနဲ့ ဖြေပါသောလည်း
ငါတို့ ရဲ့  ရှေ့ ရေးကို
နာဂစ်က သယ်ဆောင်ဖျက်ဆီးပစ်ခဲ့ပြီပဲ ၊

ညီမလေးရေ
ငါကိုယ်တိုင် က
ကံဆိုးလွန်းလို့  အသက်ရှင်ကျန်ရစ်ခဲ့တာပါကွယ် ။

(နာဂစ် မုန်တိုင်း ၆ လ ပြည့်သို့ )